မုန်တိုင်းဝင်ရောက်နိုင်သည့် နေရာများရှိ ဆေးရုံ၊ ကယ်ဆယ်ရေး စခန်းများအတွက် အရန်မီးစက်များ ပြင်ဆင်ထားဟု လျှပ်စစ်ဝန်ကြီး ပြောကြား

0
191

မိုချာဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်သည့်နေရာများရှိ တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားပြီး ဆေးရုံ၊ ကယ်ဆယ်ရေး စခန်းများတွင် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုမရှိစေရန် အရန်မီးစက်များ ပြင်ဆင်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ထားသည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် တည်ဆောက်ဆဲ စီမံကိန်းများဖြစ်သော သံတွဲဒေသရှိ သူဌေးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွင် တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဖြစ်သော စီမံကိန်းဆိုင်ရာ အဆောက်အအုံများနှင့် တမံများကို သဘာဝဘေးကြောင့် ထိခိုက်သက်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ် ဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်ဆဲဖြစ်သော ကျောက်ဖြူဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကိုကိုးကျွန်းနှင့် မာန်အောင်ကျွန်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနှင့် စေတုတ္တရာဒေသရှိ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုလည်း ထိခို က်ပျက်စီးမှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။

အရေးကြီးသော နေရာများဖြစ်သည့် ကွပ်ကဲမှုရုံး၊ ဆေးရုံ၊ အုပ်ချုပ်မှု အဆောက်အဦဖြစ်သည့် ကယ်ဆယ်ရေးစခန်း နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေး အရန်မီးစက်များကိုလည်း ကြိုတင် ဖြန့်ခွဲထားရှိရန် လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

သဘာဝဘေး ကျရောက်နေချိန်တွင်လည်း လျှပ်စစ်အန္တ ရာယ် မဖြစ်ပေါ်စေရေး ဓာတ်အားဖွင့်/ပိတ်စနစ်များကိုလည်း စနစ်တကျ ထိန်းချုပ်ထားရန် လိုအပ်ပြီး ဆက်သွယ်မှုစနစ် ပြတ်တောက်သွားမှု မရှိစေရန် အရေးပေါ်ဆက်သွယ်မှု စနစ်များကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် ဆောင်ရွက်ထားရှိသည့် အစီအမံများ အတိုင်း ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ထားကြရန် ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

ယနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအား နည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ကာ နောက် (၁၈) နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထို့နောက် မေလ (၁၀) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ပြီး အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) သည် ကနဦးတွင် မြောက် – အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး မေလ (၁၁) ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် မြောက် – အရှေ့မြောက်ဘက်သို့ ကွေ့ကာ ဘင်္ဂလားဒေ့ရှ် – မြန်မာကမ်းရိုးတန်း သို့ရွေ့လျားနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here