နောက် (၉) နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပြောင်းလဲနိုင်ပြီး ဘင်္ဂလားဒေ့ရှ် – မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင်ဟု မိုး/ဇလ ထုတ်ပြန်

0
316

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ နောက်(၉)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ (၁၀) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ယင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သည် ကနဦးတွင် မြောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး (၁၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ ထိုမှတဆင့် မြောက် – အရှေ့မြောက်ဘက်သို့ ကွေ့ကာ ဘင်္ဂလားဒေ့ရှ် – မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင်ကြောင်း အသိပေးထားသည်။

ယင်းကြောင့် ယနေ့နေ့လယ်မှ (၁၁) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ မေလ (၁၂) ရက်မှ (၁၄) ရက်အတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှလှိုင်းအလွန်ကြီးနိုင်‌ကြောင်း အသိပေးထုတ်ပြန်ထားသ ည်။

အဆိုပါ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့်ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တ န်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လ ည်းကြိုတင် သတိပြုရှောင်ရှားနိုင်ရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here