လွှတ်တော်အမတ်ကို ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့သော တရုတ်သံတမန် ကနေဒါမှ နှင်ထုတ်ခံရ, ပြတ်ပြတ်သားသား တန်ပြန်အရေးယူမည်ဟု ပေကျင်းကတိပြု

0
241

အော့တဝါ၊ မေ ၉

ကနေဒါသည် ပေကျင်းအပေါ် ဝေဖန်ခဲ့သည့် ကနေဒါ လွှတ်တော်အမတ်အား ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံထားရသော တရုတ်သံတမန်တစ်ဦးကို ၎င်းနိုင်ငံမှ နှင်ထုတ်မည်ဖြစ်ကြောင်း မေလ ၈ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး မယ်လနီ ဂျိုလီက အဆိုပါ တရုတ်သံတမန်အား ၎င်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် မပြုတော့ဟု ကြေညာကာ ကနေဒါသည် ၎င်းတို့၏ ပြည်တွင်းရေးတွင် အခြားနိုင်ငံများ ဝင်‌ရောက်စွက်ဖက်လာသည်ကို သည်းခံမည် မဟုတ်ဟု ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းကျင်သူတစ်ဦး၏ ပြောကြားချက်အရ တိုရွန်တိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ ကျောင်းဝေ ကို ငါးရက်အတွင်း ကနေဒါနိုင်ငံမှ ထွက်ခွာရန် တောင်းဆိုထားကြောင်း သိရသည်။

ကျောင်းဝေအား နှင်ထုတ်ရသည့်ဖြစ်ရပ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရှင်းကျန်းဒေသ၌ ဖြစ်ပွားခဲ့သော လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်၍ ပေကျင်းအပေါ် ပြစ်တင်ဝေဖန်ရန် မဲပေးခဲ့သည့် ကနေဒါလွှတ်တော်အမတ် မိုက်ကယ်ချုံးနှင့် ဟောင်ကောင်မြို့ရှိ သူ၏ ဆွေမျိုးများအား တရုတ်ထောက်လှမ်းရေးအေဂျင်စီက ပိတ်ဆို့အရေးယူရန် လုပ်နေသည်ဟု ဒေသခံမီဒီယာများက ဖော်ပြလာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်ဘက်ကလည်း ကနေဒါသည် နှစ်နိုင်ငံကြားရှိ ဆက်ဆံရေးကို ပျက်စီးအောင် လုပ်သည်ဟုဆိုကာ ပြတ်ပြတ်သားသား တန်ပြန်အရေးယူမည်ဖြစ်ပြီး ဖြစ်လာသမျှ အကျိုးဆက်များကိုလည်း ကနေဒါဘက်က တာဝန်ခံရမည်ဟု သတိပေးခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here