အိန္ဒိယ ကုန်စည်တင်သင်္ဘော ITT Lion မြန်မာပြည်မှ မတ် ပဲတန်ချိန် ၁၀၀၀ တင်ဆောင်ကာ ပြန်လည်ထွက်ခွာမည်

0
230

စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိနေသည့် အိန္ဒိယကုန်စည်တင်သင်္ဘော ITT Lion သည် မြန်မာနိုင်ငံမှ မတ် ပဲတန်ချိန် ၁၀၀၀ ကိုတင်ဆောင်ကာ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောသည် မေလ (၄) ရက်နေ့တွင် ကာလကတ္တား Syama Prasad Mookerjee ဆိပ်ကမ်းမှ စတင်ထွက်လာခဲ့ပြီး ၎င်းသယ်ဆောင်လာခဲ့သည့် ဘိလပ်မြေတွေကို ဆိပ်ကမ်းချကာ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် (၁၀၀၀) ကို တင်ဆောင်ကာ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းကို အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေတန်ချိန် (၁၀၀၀) တင်ဆောင်လာသည့် အိန္ဒိယကုန်စည်တင်သင်္ဘော ITT Lion စတင်ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

စစ်တွေဆိပ်ကမ်းမှတဆင့် အိန္ဒိယနိုင်ငံအပြင် ဒေသတွင်းနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးရေးအတွက် ကြိုးစားအားထုတ်ပေးကြသည့် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပို့ဆောင်/ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက ပြောကြားထားသည်။

စစ်တွေဆိပ်ကမ်းကို ဗဟိုပြုသည့် အိန္ဒိယ – မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ကိုင်တွယ်ဖြေရှင်းရန် သင်္ဘောလိုင်းတစ်ခု ထူထောင်နိုင်ရေး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးထားပြီး အပတ်စဉ် သို့မဟုတ် လစဉ် ပြေးဆွဲနိုင်ရေး ရည်ရွယ်ထားကြောင်းလည်း သိရသည်။

စစ်တွေဆိပ်ကမ်းအပါအဝင် ပလက်ဝကုန်းတွင်း ဆိပ်ကမ်း၊ ကုလားတန် မြစ်ကူးတံတား၊ ပလက်ဝ – မီဇိုရမ် ကားလမ်းများ ပါဝင်သည့် ကုလားတန်စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် တရားဝင်စတင်ခဲ့ပြီး အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ်ဒေသအတွက် ရေကြောင်းကုန်သွယ်ရေးလမ်းအဖြစ် အသုံးပြုနိုင်ရန် ဒီဇိုင်းရေးဆွဲထားကာ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here