စာရေးဆရာမ ကယ်ရိုအား ထရမ့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် နစ်နာကြေး ဒေါ်လာ ၅ သန်း ပေးဆောင်ရန် အမိန့်ချမှတ်

0
181

နူးယော့ခ်၊ မေ ၉

အမေရိကန် သမ္မတဟောင်း‌ ဒေါ်နယ်ထရမ့်သည် မဂ္ဂဇင်းစာရေးဆရာမ အီး ဂျင်း ကယ်ရိုကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုအပြင် လူလိမ်မဟု အမည်တပ်ကာ အသရေဖျက်ခဲ့မှုကြောင့် နစ်နာကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ၅ သန်း ပေးဆောင်ရမည်ဟု ဂျူရီလူကြီးများက မေလ ၉ ရက် အင်္ဂါနေ့တွင် စီရင်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ကယ်ရိုက ထရမ့်သည် သူ့အား ၁၉၉၅ သို့မဟုတ် ၁၉၉၆ ခုနှစ်တွင် နူးယော့မြို့၊ ဘတ်ဒေါ့ဖ် ဂွတ်ဒ်မန်း စတိုးဆိုင်ရှိ အဝတ်လဲခန်း၌ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် သူ၏ ပြောဆိုချက်များအား ထရုဒ် ဆိုရှယ်ပလက်ဖောင်းပေါ်၌ အလိမ်အညာများဟူ၍ ရေးသားကာ ဂုဏ်သရေ ညိုးနွမ်းစေခဲ့ကြောင်း တရားမရေးရာ တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ထရမ့်သည် တရားခွင် စတင်သည့် ဧပြီ ၂၅ ရက်နေ့မှစ၍ တရားခွင်သို့ တက်ရောက်ခြင်းမျိုး မရှိခဲ့ပေ။ ထို့ပြင် ထရမ့်သည် ထရုဒ် ဆိုရှယ်ပလက်ဖောင်းပေါ်၌ ဂျူရီလူကြီးများ၏ စီရင်ချက်အား အရှက်ရစရာ လုပ်ရပ်ဖြစ်သည် ပြောခဲ့သည့်အပြင် ကယ်ရိုဆိုသည့် အမျိုးသမီးအား ဘယ်သူမှန်းပင် မသိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အမှုသည် တရားမမှုဖြစ်သည့်အတွက် ထရမ့်သည် ထောင်ကျခြင်း ကဲ့သို့ သော ရာဇဝတ် ပြစ်ဒဏ် ကျခံရမည်မဟုတ်ပေ။ လက်ရှိတွင်မူ ဂျူရီအဖွဲ့ဝင်အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး သုံးဦးက နစ်နာကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅ သန်း ပေးစေရန် ဆုံးဖြတ်ထားပြီး ထရမ့်ကမူ အယူခံဝင်ထားသရွေ့ နစ်နာကြေး ပေးဆောင်ရန် မလိုသေးပေ။ ဂျူရီ လူကြီး ၁၂ ဦး စလုံးက သဘောတူရန်လည်း လိုအပ်ပါသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here