လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍ အတူပူးပေါင်းဆောင်ရွက်လိုဟု CECCM ဥက္ကဋ္ဌသစ် ပြော

0
256

မြန်မာန်ိုင်ငံအခြေစိုက်တရုတ်လုပ်ငန်းရှင်များအသင်းChina Enterprises Chamber of Commerce in Myanmar (CECCM) ဥက္ကဋ္ဌအသစ်ဖြစ်သူ Mr. Liu Ming က လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍ အတူပူးပေါင်းဆောင်ရွက်လိုကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တွေ့ဆုံစဉ် CECCM ဥက္ကဋ္ဌ Mr. Liu Ming က CECCM ဥက္ကဌအသစ်အနေဖြင့် လာရောက် မိတ်ဆက်ခြင်းဖြစ်ပြီး အသင်းချုပ်နှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကာ အပြန်အလှန် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ CECCM နှင့် အသင်းချုပ်တို့မှတဆင့် တရုတ်-မြန်မာကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု အလား အလာများကို ပိုမိုဖော်ဆောင်ရန် ၊ တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် ပံ့ပိုးကူညီမှုများပိုမိုပြုလုပ်နိုင်မည်ဟုမျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက “အသင်းချုပ်အနေဖြင့် ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုများသာမက ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက်ပါ ဆောင်ရွက်ပေးလျက်ရှိကာ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် လပိုင်းများတွင်လည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊စီးပွားရေးကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ အသင်းချုပ်အနေဖြင့် စီးပွားရေး အဖွဲ့အစည်းများနှင့် အပြန်အလှန်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  CECCM နှင့်လည်း ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတစ်ရပ်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

တက်ရောက်လာသူများမှလည်း အထည်ချုပ်လုပ်ငန်း ၊ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးကဏ္ဍတွင်ယွမ်-ကျပ် ဖြင့် ငွေပေးချေမှုကို ချောမွေ့စေရေး၊ မြန်မာထွက်ကုန်များတရုတ်ပြည်တွင် ဈေးကွက်ရရှိရေးအတွက်ကူညီပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

CECCM အသင်းသည် ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အသင်းအောက်တွင် အသင်းခွဲပေါင်း(၇)ခု ရှိရာ အထည်ချုပ်လုပ်ငန်း၊လယ်ယာစိုက်ပျိုးရေး၊ အိမ်ခြံမြေ၊ ဆက်သွယ်ရေးနှင့်နည်းပညာလုပ်ငန်း၊ ကန်ထရိုက်တာလုပ်ငန်း၊ ခရီးသွားလာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း ၊ လျှပ်စစ်လုပ်ငန်းတို့ဖြစ်ပြီး အသင်းဝင်အများစုမှာ အထည်ချုပ် လုပ်ငန်းရှင်များ ဖြစ်ကြောင်းသိရသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးအောင်ဇေယျာလွင်၊ အမှုဆောင် အရာရှိချုပ် ဒေါက်တာဇော်ဌေး၊ IR Advisor ဦးတင့်ဆွေ ၊ CECCM ဖက်မှ ဥက္ကဋ္ဌ Mr. Liu Ming ၊ ဆက်သွယ်ရေးနှင့်နည်းပညာအသင်းခွဲ ဥက္ကဌ Mr. Zhang Hai ၊ အထည်ချုပ်လုပ်ငန်းအသင်းခွဲဥက္ကဋ္ဌ Mr. Shi Kun၊ အထွေထွေ အတွင်းရေးမှူး  Mr. Xu ZhenWei @ David တို့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here