UNHCR နှင့် မိတ်ဘက်အဖွဲ့များသည် ရခိုင်ဒေသခံပြည်သူများအတွက် ကူညီကယ်ဆယ်ရေးများပြုလုပ်ရန် အသင့်ပြင်ထား

0
164

အားအလွန်ကောင်းသည့် ဆိုင်ကလုန်း မိုခါသည် ရခိုင်ကမ်းရိုးတန်းသို့ လာမည့် စနေနှင့် တနင်္ဂနွေ‌နေ့တို့တွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ထိခိုက်ဆုံးရှုံးမှု မြင့်မားနိုင်သည့်အတွက် UNHCR နှင့် မိတ်ဘက်အဖွဲ့များသည် ပြည်သူလူထု၏ ဘေးကင်းလုံခြုံစေရေး အလေးပေးပြင်ဆင်ဆောင်ရွက်ချက်များကို မြေပြင်တွင် ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အရေးပေါ်တုံ့ပြန်ကူညီမှုများကို ဆောလျင်စွာဆောင်ရွက်နိုင်ရန် အရန်အစီအစဉ်များကို လျာထားပြင်ဆင်လျက်ရှိပြီး နီးကပ်လာနေသည့် သဘာဝဘေးအန္တရာယ်ကို ဒေသနေလူထုများထံ အသိပေးချက်ဖြန့်ဝေနိုင်ရန်နှင့် လိုအပ်သော ကြိုတင်ဆောင်ရွက်ချက်များ စီစဉ်ထားနိုင်ရန်အတွက် ကယ်ဆယ်ရေးစခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ကျေးရွာများ၌ ဆိုင်ကလုန်းနှင့် ရေကြီးရေလျှံမှုသတိပေးချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးလျက်ရှိကြောင်းလည်း UNHCR က အသိပေးထားသည်။

ထို့ပြင် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အရံသင့်ထားရှိထားပြီး အချိန်တိုအတွင်း ဖြန့်ဝေပေးနိုင်ရန် လုံခြုံစွာသိမ်းဆည်းထားရှိပြီး ရေယာဉ်များ၊ ကားများကို လိုအပ်လျှင် လည်ပတ်အသုံးပြုနိုင်ရန် အရံသင့်ထားရှိထားကြောင်း သိရသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်နှင့် မုန် တိုင်းဖြတ်ကျော်ရာ လမ်းကြောင်းပေါ်ရှိ ဒေသခံ ပြည်သူ သန်းနှင့်ချီကာ ဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း ကြိုတင်သတိပေးမှုများ ရှိနေပြီး အစိုးရအနေဖြင့်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီ လုပ်ဆောင်လျက်ရှိသလို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

မုန်တိုင်းဒဏ်အား တိုက်ရိုက်ခံရနိုင်သည့် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့မှ ဒေသခံများအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ လုပ်ဆောင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကိုယ်တိုင် ဦးစီးလုပ်ဆောင်လျက်ရှိကြောင်းလည်း နိုင်ငံပိုင် သတင်းဌာနတို့မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် မိုခါမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိနေပြီး လာမည့် (၆) နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကာ မေလ (၁၄) ရက်တွင် ရခိုင် ပြည်နယ် မြောက်ပိုင်း ကျောက်ဖြူနှင့် စစ်တွေမြို့ အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here