မြိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဝါယာကြိုးများအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ် ၊ တည်းခိုခန်းတာဝန်ရှိသူအားအမှုဖွင့်

0
274

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ စကားဝါလမ်းနှင့် ပုလဲလမ်းထောင့်ရှိ “စကားဝါ” တည်းခိုခန်းတွင် မေ (၁၁) ရက် ညနေ (၄) နာရီ (၁၅) မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် မီးသတ်စခန်းမှ သိရသည်။

အလျား (၅၄) ပေ၊ အနံ (၇၃) ပေရှိ အုတ်ညှပ်ပျဉ်ထောင် (၂) ထပ်ဖြစ်သည့် “စကားဝါ”တည်းခိုခန်း၏ အပေါ်ထပ်ရှိဟောင်းနွမ်းနေသော ဝါယာကြိုးများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား မြိတ်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ (၅) နာရီ (၁၀) မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ (၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“အဲဒီတည်းခိုခန်းက စကားဝါ ရောင်းဝယ်ရေး သမဝါယမ အသင်းဆီကနေ မြစ်ငယ်ရပ်ကွက်မှာ နေတဲ့လူတစ်ယောက်က ငှားပြီးလုပ်နေတာလို့ သိရပါတယ်။ မီးလောင်တဲ့ဖြစ်စဥ်မှာ သေဆုံးဒဏ်ရာရတာမရှိခဲ့ပါဘူး”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် တည်းခိုခန်း၊ တည်းခိုခန်း အောက်ထပ်တွင်ဖွင့်ထားသည့် ဈေးဆိုင် (၅) ခန်း၊ အုတ်ညှပ်၊ ပျဉ်ထောင် (၂) ခန်းတွဲ နှစ်ထပ်နေအိမ်နှင့် ဆိုင်ခန်းဖွင့်ထားသည့် အဆောက်အဦး (၁) လုံးတို့ ပျက်စီးဆုံးရှုံးခဲ့သဖြင့် တည်းခိုခန်း တာဝန်ရှိသူအား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ (ပ) (၁၁၇/၂၀၂၃)၊ ရာဇသတ်ကြီးပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here