မိုခါမုန်တိုင်း စစ်‌တွေမြို့အနီးသို့ (၁၀) မိုင်ထပ်နီးလာ၊ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် (၁၀၅) မိုင်မှ (၁၁၅) မိုင်ဖြင့် တိုက်ခတ်နိုင်

0
317

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အားအလွန့်အလွန်ကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် ရခိုင်ပြည်နယ် စစ်တွေမို့အနီးသို့ (၁၀) မိုင်ခန့် ထပ်တိုးနီးကပ်လာပြီး စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၄၀) အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက် နေ့လယ်ပိုင်းတွင် မြန်မာ့ကမ်းရိုးကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၁၀၅) မိုင်မှ (၁၁၅) မိုင်အထိရှိ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်းကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မိုခါမုန်တိုင်းသည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနေပြီး ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၄၀ ခန့်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ မုန်တိုင်းသည် မြောက် ဘက်နှင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက် – အနောက် မြောက်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် – အနောက်တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် တပြည်လုံးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျား ရာနေရာတလျှောက်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်းသည် မေလ (၁၄) ရက် နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ရခိုင်ကမ်းရိုးတန်းမှတဆင့် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသလေ့လာသူများက ခန့်မှန်းထားသည်။

လက်ရှိတွင် မိုခါမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့မှ ပြည်သူ (၁၇) သန်းအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ (WFP) က သတိပေးပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here