“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နှင့် မောင်တောမြို့ အနီးတစ်ဝိုက်ဒေသများတွင် မုန်တိုင်းဒီရေတက်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ဟု သတိပေး

0
246

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လျက်ရှိသည့် အားအလွန့်အလွန်ကောင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဒီရေတက်ရောက်ခြင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှ မုန်တိုင်းဒီရေအထူးသတိပေးချက်အဖြစ် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

“မိုခါ”ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားကို စစ်တွေမြို့အနီးမှ မေ (၁၄) ရက် နေ့လယ်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

ယင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန်တွင် မိုခါမုန်တိုင်းသည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်အဖြစ် တစ်နာရီ မိုင် (၁၂၀) ဝန်းကျင်ဖြင့် တိုက်ခတ်နိုင်သည့်အတွက် အနီရောင်အဆင့် သတ်မှတ်ထားကာ မုန်တိုင်းတိုက်ခတ်ရာလမ်းကြောင်းပေါ်ရှိ စစ်တွေမြို့နှင့် မောင်တောမြို့အနီးတစ်ဝိုက်ဒေသများတွင် မုန်တိုင်းဒီရေတက်ရောက်ပါက ရေကြီးရေလျှံမှုများဖြစ်ပေါ် လာနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်နေခြင်းဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒ၏ တိုးထွက်တွက်ချက်မှုများအရ နတ်မြစ်ကြောင်းတစ်လျှောက် မြစ်ဝမှ တောင်ပြိုလက်ဝဲမြို့အထိ အရှေ့ဘက်ကမ်းဒေသများ၊ မေယုမြစ် ကြောင်းတစ်လျှောက် မေယုမြစ်ဝမှ ရသေ့တောင်၊ ဘူးသီးတောင်မြို့များအထိ မြစ်ကြောင်းဝဲ/ယာဒေသများ၌ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်း သိရသည်။

ထို့ပြင် မုန်တိုင်းဒီရေသည် (၁၄) ပေမှ (၁၈) ပေအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းကဲ့သို့ မြင့်တက်ခဲ့ပါက မောင်တောမြို့၊ရသေ့တောင်မြို့၊ဘူးသီးတောင်မြို့၊စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ ဖရုံကာကျွန်း အရှေ့ဘက်ခြမ်း၊ မင်းပြားမြို့၊ မြေပုံမြို့၊ ကမ်းထောင်းကြီးမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့အနီးဝန်းကျင်ဒေသများ၊ မြစ်ချောင်းများ၊ ပင် လယ်ကမ်းခြေနှင့် ဆက်စပ်နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အလားတူ သံတွဲမြို့၊ သဗြုချိုင်၊ မောင်ရွှေလေးချိုင်နှင့်ငပလီကမ်းခြေဒေသများ၊ ဂွမြို့အနီးဝန်းကျင်ရှိ အလယ်ချောင်၊ ရေတွင်းတူး၊ ရဟင်ဖျားနှင့် ကင်းလျှာရှည်နေရာများ၌လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မုန်တိုင်းဒီရေ သက်ရောက်နိုင်သည့် မြို့၊ ရွာများတွင် နေထိုင်သူများအနေဖြင့် နီးစပ်ရာ ဆိုင်ကလုန်း Shelter များ၊ ရေဘေးလွတ်ကင်းရာ ကုန်းမြေမြင့်များသို့ အချိန်မီရွှေ့ပြောင်းကြရန် အသိပေးနှိုးဆော်ထားကာ မုန်တိုင်းလမ်းကြောင်းနှင့် မုန်တိုင်းလေတိုက်ခတ်မှုနှုန်းများသည် အချိန်နှင့်တစ်ပြေးညီပြောင်းလဲမှုများရှိနိုင်၍ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အချိန်နှင့်တပြေးညီ မုန်တိုင်းသတင်းအား ထုတ်ပြန်ပေးသွားမည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှ အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here