“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဝင်နိုင်မည်ဟု ခန့်မှန်းထားသော နေရာများသို့ တပ်မတော်ကယ်ဆယ်ရေး ယာဉ်စုများ ထွက်ခွာ

0
216

“မိုခါ”ဆိုင်ကလုန်း မုန်တိုင်းဝင်နိုင်မည်ဟု ခန့်မှန်းထားသော နေရာများသို့ အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်မှုဖြင့် တပ်မတော်ကယ်ဆယ်ရေးယာဉ်စုများ ထွက်ခွာနေပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိကာ မြန်မာကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်လာနေပြီး မေလ (၁၄) ရက်တွင် စစ်တွေမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်လာမည်ဟု ခန့်မှန်းထုတ်ပြန်ထားသောကြောင့် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ၊ ပြန်လည် ထူထောင်ရေး ဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အရေးပေါ်စားရေရိက္ခာများနှင့် သောက်ရေသန့်၊ စက်ယန္တရားများ ပါဝင်သည့် ယာဉ်အစီး (၁၁၂) စီးပါ တပ်မတော်ယာဉ်တန်းကို အုပ်စု (၁၀) စုဖွဲ့၍ ယ မန်နေ့ မေလ (၁၂) ရက်က ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များမှာ ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်းကောင်း၊ မမျှော်မှန်းနိုင်သည့် အ ခြေအနေတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အရန်စုဖွဲ့မှုအဖြစ် ပုသိမ်၊ ပြည်၊ မကွေးမြို့များသို့ လည်းကောင်း သွားရောက်နေကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းယာဉ်စုများတွင် ပဲ့ချိတ်စက်များ၊ ဖိုက်ဘာလှေများ၊ ချိန်းဆောနှင့် လက်သုံးကိရိယာများ၊ အသက်ကယ် အင်္ကျီများ၊ အသက်ကယ်ဘောကွင်းများ၊ မိုးကာတဲနှင့် တာပေါ်လင်များ၊ အရေးပေါ် ဆေးသေတ္တာများ၊ ထိခိုက်ဒဏ်ရာများအတွက် အရေးပေါ်ကုသဆေးများ၊ မြွေအဆိပ်ဖြေဆေးများ၊ မေးခိုင်ကာကွယ်ဆေးများ၊ ရေသန့်စင်ဆေးပြားများ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ကုသဆေးများ၊ အရေးပေါ် ဆက်သွယ်ရေး စက်များ၊ ဆက်စပ်ပစ္စည်းများ နှင့် ယာဉ်ချိုယွင်းပါက ပြင်ဆင်ရန် ယာဉ်အပိုပစ္စည်းများနှင့် ရေသန့်စင်ယာဉ်များ စသည်ဖြင့် အပြည့်အစုံပါရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here