ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဒဏ်ခံရနိုင်သည့် ရခိုင်ဒေသခံ (၄) သိန်းကျော်အတွက် WFP အသင့်ပြင်ထား

0
221

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် အရေးပေါ်အခြေအနေ အကြီးစားတုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အသင့်ပြင်ထားပြီး စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး အထောက်အပံ့များ၊ မော်တော်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းကိရိယာများကိုလည်း ကြိုတင်နေရာချထားပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် WFP သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်တို့၏ လိုအပ်ချက်များကို တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို ကြိုတင်နေရာချထားပြီးဖြစ်သည်ဟု ဆိုသည်။

“ကျွန်ုမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့လမ်းကြောင်းဟာ ပဋိပက္ခနဲ့ဆင်းရဲမွဲတေမှုကိုခံစားနေကြရပြီး၊ ကြံ့ကြံ့ခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေဆီကို ဦးတည်လျက်ရှိပါတယ်။ အဲ့ဒီဒေသတွေက မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတိုအနေနဲ့ နောက်ထပ် ဘေးအန္တရာယ်တစ်ခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။

ထို့အတူ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၏ မုန်တိုင်းအသင့်ပြင်မှုနှင့် တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ်များကိုလည်း တပ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အကူအညီလိုအပ်လျက်ရှိသော ရပ်ရွာလူထုထံ လူသားချင်းစာနာမှုအထောက်အပံ့များ အပြည့်အဝ သွားရောက်ကူညီခွင့်ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here