မုန်တိုင်းသည် မိမိတို့နှင့်အနီးစပ်ဆုံးနေရာတွင် ရောက်ရှိနေပြီဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အားလုံးစိတ်တူကိုယ်တူပူးပေါင်းဆောင်ရွက်သွားကြမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆို

0
179

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လျက်ရှိသည့် အားအလွန်ကောင်းသော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် နာရီပိုင်းအတွင်း၌ ရခိုင်ပြည်နယ်အတွင်းဖြတ်သန်းဝင်ရောက်မည်ဖြစ်၍ အားလုံးစိတ်တူကိုယ်တူပူးပေါင်းဆောက်ရွက်သွားရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၁၃ ရက်(ယနေ့)နေ့လည်ပိုင်းက ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ Command Post မှသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Video conference စနစ်ဖြင့်တက်ရောက်သည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများအားတွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“သဘာဝဘေးအန္တရာယ်ကိုတားဆီးလို့မရနိုင်သလို ထိန်းချုပ်လို့လည်းမရနိုင်ပါဘူး မိမိတို့မှာ အတွေ့အကြုံကောင်းတွေရှိတဲ့အတွက် ဌာနအသီးသီးကတာဝန်ရှိသူများအနေနဲ့ မိမိတို့ရဲ့လုပ်သက်အတွေ့အကြုံတွေနဲ့ အကောင်းဆုံးစီမံခန့်ခွဲသွားမယ်ဆိုရင် ဆုံးရှုံးမှုအနည်းဆုံးနဲ့ အခြေအနေကောင်းတစ်ရပ်ကို ရရှိနိုင်မှာဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်းလင်းကပြောသည်။

မုန်တိုင်းသည် မိမိတို့နှင့်အနီးစပ်ဆုံးနေရာတွင် ရောက်ရှိနေပြီဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အားလုံးစိတ်တူကိုယ်တူပူးပေါင်းဆောင်ရွက်သွားရမည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဒေသတွင်နေထိုင်သည့် ပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းမှုမှာလည်း ယမန်နေ့က အမြင့်ဆုံးအဆင့်ထိဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကာ ယနေ့ နေ့လည်ပိုင်းတွင် ရွှေ့ပြောင်းမှုများကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခိုလှုံရာနေရာများတွင် လိုအပ်သောချက်များ၊အခက်အ ခဲများကို မုန်တိုင်းမကျမီဖြေရှင်းဆောင်ရွက်ပေးရမည်ဟု မှာကြားခဲ့သည်။

ထို့အတူ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ ရွှေ့ပြောင်းရမည့်အခြေအနေများ၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရမည့်လုပ်ငန်းစဥ်များကိုလည်း ပြည်နယ်ဝန်ကြီး ချုပ်က လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းမှူးနှင့် Video conference စနစ်ဖြင့်တက်ရောက်သည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌများ၊ရခိုင်ပြည်နယ် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန်ခွဲမှုအဖွဲ့၊အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့ နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်နေရာများမှ ပြည်သူများနှင့်ပစ္စည်းများ ရွှေ့ပြောင်းနေမှုကို ကြည့်ရှုကာအားပေးစကားပြောကြား၍ လိုအပ်ချက်များအား ကူညီပေးခဲ့သည်။

စစ်တွေမြို့၊မိဇံကမ်းနားလမ်းမှပြည်သူများနှင့်ဆန်ကုန်သည်များ၊ဈေးသူ၊ဈေးသားများက ဆန်နှင့်လူသုံးကုန်ပစ္စည်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေမှု၊အာကျိတ်တော်ကုန်းရှိ စိတ္တသုခကမ္မဋ္ဌာန်းကျောင်းတိုက်၌ စစ်တွေမြို့ပေါ် ရပ် ကွက်များနှင့်ကျေးရွာများမှ ပြည်သူများ ရွှေ့ ပြောင်းရောက်ရှိနေထိုင်နေမှု၊စစ်တွေမြို့အဝေးပြေးကားဂိတ်တွင် စစ်တွေမြို့ပေါ်ရပ်ကွက်ရေ လွှမ်းမိုးနိုင်သည့်နေရာများမှ ပြည်သူများ မုန် တိုင်းဘေးလွတ်ရာ မြို့နယ်များသို့ကားများဖြင့် တိမ်းရှောင်နေမှု၊အုန်းတောကြီး၊အုန်းတောချေ၊သဲချောင်း၊ဒါးပိုင်(IDP)စခန်းများတွင် နေထိုင်သူများအား မော်တော်ယာဉ်များဖြင့်မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့သည်။

Photos Credit- တင်ကိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here