မိုခါမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ် သတိပေးနေသော်လည်း စစ်တွေအပါအဝင် ရခိုင်ဒေသခံအချို့ စိုးရိမ်မှုနည်းကာ ပုံမှန်အတိုင်းသာ နေထိုင်နေဟုဆို

0
276

မေလ (၁၄) ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်မည့် မိုခါမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်ပြီး သတိပေးမှုများ လုပ်ဆောင်ကာ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လျက်ရှိသော်လည်း ဒေသခံပြည်သူအများစုမှာ စိုးရိမ်မှုမရှိဘဲ ပုံမှန်နေထိုင်သွားလာလျက်ရှိကြောင်း စစ်တွေမြို့ခံအချို့ထံမှ သိရသည်။

မိုခါမုန်တိုင်းဝင်ရောက်မည့်အပေါ် ကြိုတင်ပြင်ဆင်နေမှုနှင့်ပတ်သက်၍ ဒေသခံများထံ ဆက်သွယ်မေးမြန်းစဉ် ယခုကဲ့သို့ ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“ဒီကလူတွေ စိုးရိမ်ကြောင့်ကျမှု လွန်ကဲမှုမရှိဘူးဆိုတာကို တွေ့ရတယ်။ လူ (၁၀၀) မှာ (၁၀) ရာခိုင်နှုန်းလောက်က ရှိရင်ရှိမှာပေါ့။ ကျန်တဲ့ (၉၀) ရာခိုင်နှုန်းက သိပ်ပြီး စိုးရိမ်တာ မတွေ့ရဘူး။ ပုံမှန်အတိုင်း နေထိုင်သွားလာနေကြတုန်းပဲ။ ရာသီဥတုကတော့ မိုးဖွဲဖွဲ ရွာနေပါတယ်။ လေတိုက်တာတော့ မရှိသေးဘူး။ တချို့တွေကတော့ ပြောင်းကြရွေ့ကြတာတော့ရှိတယ်။ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါတာပေါ့။ အမြင့်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းကို ရွှေ့ကြတာ” ဟု စစ်တွေမြို့ခံတစ်ဦး ဖြစ်သည့် ဦးအောင်သန်းဝေက ပြောသည်။

လက်ရှိတွင် မိုခါမုန်တိုင်းသည် အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်မုန်တိုင်း အဖြစ်သို့ ရောက်ရှိနေကာ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၄၀ မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ကိုကိုးကျွန်းမြို့၏ အနောက် – အနောက်မြောက်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့် အကွာတွင် တည်ရှိနေခြင်း ဖြစ်သည်။

အဆိုပါ မိုခါမုန်တိုင်းသည် မေလ (၁၄) ရက်တွင် စစ်တွေမြို့အနီးမှ တစ်နာရီ လေတိုက်နှုန်း ၁၂၅ မိုင်နှင့်အထက်ဖြင့် ဖြတ်သန်း ဝင်ရောက်နိုင်ပြီး ပြည်သူအများအပြား မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းတွက်ချက်ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကာ မုန်တိုင်းဘေးဒဏ်ခံရနိုင်ခြေမြင့်မားသည့် ဒေသမှ ပြည်သူများအား ဘေးလွတ်ရာ ယာယီခိုလုံရေးစခန်းများသို့ ရွေ့ပြောင်းမှုများ လုပ်ဆောင်နေသော်လည်း ဒေသခံအချို့မှာ ပြောင်းရွေ့ခြင်း မရှိသေးကြောင်း သိရသည်။

“ လောလောဆယ်အထိကတော့ အေးဆေးပါပဲ။ ရွှေ့တယ့်သူကလည်းရွှေ့တယ်။ မရွှေ့တယ့်သူကလည်း မရွှေ့ကြဘူး” စစ်တွေမြိုမှ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မိုခါမုန်တိုင်းကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ် ၊ ပေါက်တောမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သတိပေးထုတ်ပြန်ထားပြီးလည်းသည်။

“ပင်လယ်ရေမျက်နှာပြင် အနေအထားက ပုံမှန်ထက်လှိုင်းနည်းနည်းကြီးတယ်။ ကမ်းခြေနားလောက်ထိကို ၂ ပေ ၃ ပေလောက်ထိ ရိုက်ခတ်လာတာကိုတွေ့ရတယ်။ စစ်တွေတစ်မြို့လုံးတော့ မဟုတ်ဘူး။ ပင်လယ်နဲ့နီးတယ့် ရွာတွေလောက်ပဲ ရွှေ့ကြတာ။ တစ်ကယ်တမ်းစစ်တွေဘက်ကဖြတ်မယ်ဆိုရင် အန္တရာယ်ကြုံလာနိုင်တာပေါ့” ဟု ဦးအောင်သန်းဝေက သုံးသပ်ပြသည်။

လက်ရှိတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မုန်တိုင်း သတိပေး ကြေညာချက်များကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီ ထုတ်ပြန်လျက်ရှိပြီး နိုင်ငံတကာ မိုးလေဝသဌာနများကလည်း အချိန်နှင့်တပြေးညီ သတိပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here