စူပါဆိုင်ကလုန် မိုခါ စစ်တွေမြို့အနီးသို့ ရောက်ရှိလာ ၊ တစ်နာရီ ၁၃၅ မိုင် အထိ တိုက်ခတ်နိုင်ဟု မိုးဇလ သတိပေး

0
264

အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် စစ်တွေမြို့အနီး ရေမိုင် ၁၂၀ အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အမြင့်ဆုံးလေတိုက်နှုန်း ၁၃၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

လက်ရှိတွင် အဆိုပါ မိုခါဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက် ပြင်ပရှိတိမ်တိုက်များ စစ်တွေမြို့အနီး ရခိုင်ကမ်းရိုးတန်းသို့ စတင် ဖြတ်ကျော်နေပြီး မုန်တိုင်းဗဟိုသည် ‌ယနေ့နေ့လယ်ပိုင်းတွင် စစ်တွေမြို့အနီးသို့ ဖြတ်ကျော်ဝင်ရောက်မည်ကြောင်း ၎င်းကဆိုသည်။

မိုးဇလအနေဖြင့် အဆိုပါ မုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်ထားပြီး အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီကလည်း စစ်တွေအပါအဝင် မြို့နယ်အချို့ကိုဘဘေးအန္တရာယ်ကျရောက်နိုင်ခြေအမြင့်ဆုံး ဒေသများအဖြစ် သတ်မှတ်ကာ အနီရောင်အဆင့် သတ်မှတ်ကြေညာထားသည်။

လက်ရှိတွင် စစ်တွေမြို့အပါအဝင် ရခိုင်ကမ်းရိုးတန်းအနီးတွင် တစ်နာရီ မိုင် ၃၀ မှ ၄၀ အထိ လေပြင်းတိုက်ခတ်မှုများ ရှိနေနိုင်ပြီး ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းသော နေရာများတွင် ရောက်ရှိခိုလုံပြီး အခြေအနေမျိုး ဖြစ်သင့်ကြောင်း ဦးလှထွန်းက ပြောသည်။

” အနီရောင် အဆင့်ဆိုရင် ရှယ်လ်တာ ထဲမှာပဲ ပြောင်းရွှေ့ပြီး ဖြစ်ရမယ့်အနေအထားပေါ့ ။ မုန်တိုင်း ဗဟိုချက် နီးလေ လေတိုက်နှုန်းက မြင့်လေ ဖြစ်တဲ့အတွက် ဒီအချိန်ကတော့ လုံခြုံတဲ့နေရာမှာ ရောက်နေရမှာပေါ့လေ။မုန်တိုင်းကတော့ အပြင်ဘက်ပိုင်းတွေ စပြီးတော့ ဖြတ်နေပြီ။ ပြီးရင် လေတိုက်နှုန်းက တဖြေးဖြေးပိုမြင့်လာတော့မှာဆိုတော့ မုန်တိုင်းဘေးအန္တရာယ် ကင်းရှင်းပြီလို့ ထုတ်ပြန်ချက်မရမချင်း အပြင်မထွက်ကြပါနဲ့” ဟု ၎င်းကပြောသည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မည့် စစ်တွေမြို့ အနီးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ မိုးရွာသွန်းခြင်း ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး လှိုင်းအနည်းငယ်ကြီးလာကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူအနည်းငယ်သာ ဈေးဝယ်ထွက်သည့်အချိန် အပြင်ထွက်ကြပြီး အများစုမှာ မိမိတို့၏ နေအိမ်များတွင်သာနေထိုင်ခြင်း၊ မုန်တိုင်းဘေးရှောင် ယာယီစခန်းများတွင် ခိုလုံနေခြင်း လုပ်ဆောင်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here