ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် သံတွဲလေဆိပ်၌ပျက်စီးမှုအပါအဝင် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိ

0
202

အားအလွန့်အလွန်ကောင်းသည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မေ ၁၄ ရက်(ယနေ့)နံနက်ပိုင်းက ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ဂွ၊သံတွဲမြို့နယ်တို့၌ သံတွဲလေဆိပ်အဆောက်အဦးအပါအဝင် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

သံတွဲမြို့၊သံတွဲလေဆိပ်ရှိ VIP ဆင်ဝင်မှာ အမိုးလန်သွားပြီး အမိုးဘေးကာထားသည့် အကာများလည်းပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့်အဆောက်အဦးပျက်စီးမှုများမရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မုန်တိုင်းအရှိန်ကြောင့် ကျောက်ဖြူမြို့၊ပြင်ဖြူမော်ရပ်ကွက်ရှိ ဒီရေတောအတွင်းရပ်ထားသည့် စက်လှေ ၅ စီးနစ်မြုပ်ကာ ကျူးကျော်တဲအိမ်များလည်း ပျက်စီးခဲ့ပြီး အစိုးရရပ်ကွက်၊ဗိုလ်ငမောက်လမ်းရှိ လျှပ်စစ်ဓာတ်တိုင်များသစ်ပင်များလဲကျခဲ့ကြောင်း သိရသည်။

ထို့အတူ ဂွမြို့နယ်၊ရွှေဦးကွင်းကျေးရွာတွင်လည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၀ လုံးကျော်ခန့်ပျက်စီးဆုံးရှုံးခဲ့ကာ လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

“ပျက်စီးမှုတွေများတယ် အခု ပြောပြတဲ့ဟာက ကျွန်တော်တို့ သိရသလောက်ပေါ့ ပျက်စီးမှုကဒီထက်ပိုများဖို့ရှိတယ် တာဝန်ရှိတဲ့လူတွေနဲ့အတူ ပူးပေါင်းပြီးလိုအပ်တာတွေကိုဆက်တိုက်ကူညီပေးနေပါတယ်”ဟု ကျောက်ဖြူမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပျက်စီးဆုံးရှုံးသွားခဲ့သည့် နေအိမ်များ၊ပြိုလဲကျခဲ့သည့် သစ်ပင်များ၊လျှပ်စစ်ဓာတ်တိုင်များအား လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here