မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နေ

0
187

စူပါဆိုင်ကလုန်း မိုခါ၏ အရှိန်ကြောင့် ရန်ကုန်တွင် မိုးသည်ထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ယနေ့ မေလ (၁၄) ရက် နေ့လယ်ပိုင်းတွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အားအလွန့်အလွန်ကောဘင်းသော ဆိုင်ကလုန်မုန်တိုင်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခြင်း ၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်နေပြီး တစ်နာရီလေတိုက်နှုန်း ၃၅ မိုင်မှ မိုင် (၆၀) ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး သွပ်မိုးများ လန်ခြင်း ၊ သစ်ပင်များ ကျိုးကျခြင်းများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

” မိုးကတော့ စဲသွားပြီပေါ့။ လေကတော့ တော်တော် ပြင်းပြင်း တိုက်နေတယ်။ ၄၅ မိုင် နှုန်းလောက်ပေါ့။ အမိုးလန်တာတွေ ။ အပင်ကျိုးတာတွေ ရှိတယ်။ အခြေအနေကို စောင့်ကြည့်နေပါတယ်” ဟု ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အရပ်ဘက် လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ မေလ (၁၄) ရက် နံနက်အစောပိုင်းမှ စတင်ပြီး လေတိုက်ခတ်လျက်ရှိရာ နေ့လယ်ပိုင်းတွင်‌တဖြေးဖြေး လေတိုက်နှုန်းမှာ ပိုပြင်းလာကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း ပန်းဆိုးတန်းနှင့် အနီးတဝိုက်တွင်လည်း ယနေ့နံနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး သွပ်မိုးများ လွှင့်စင်ခြင်း ရှိခဲ့ကြောင်း မျက်မြင်ကြုံတွေ့သူများထံမှ သိရသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သာကေတ ၊ ဒေါပုံ၊ ဒလ အစရှိသည့် မြို့နယ်များတွင်လည်း လေပြင်း တိုက်ခတ်မှုများ ရှိနေကြောင်း သိရသည်။

မိုခါမုန်တိုင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး တစ်နာရီ ၁၃၇ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလက ထပ်တိုးသတိပေးထားပြီး အညိုရောင်အဆင့်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here