ဝန်ကြီးချုပ်ဦး​ဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေး​​လုပ်

0
143

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်မကျရောက်မီနှင့်ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ် စီမံခန့်ခွဲခြင်း၊တုံ့ပြန်ခြင်း၊ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့နှင့်ပတ်သက်၍
မေ ၁၄ ရက်(ယနေ့)နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးကိုနစက ဥက္ကဋ္ဌဦးဆောင်ပြုလုပ်ခဲ့သည်။

မုန်တိုင်းဒဏ်ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများဆောင်ရွက်နိုင်ရန် ဆေးဝါးများ၊ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ဖွဲ့စည်းထားရန်၊တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များကို ယနေ့မှ၍ အသင့်ပြင်ဆင်ထားကာ ရေယာဉ်များအပေါ်၌ အရေးပေါ်စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများကို အသင့်တင်ဆောင်ထားရန်စသည့် ရိက္ခာ၊​ဆေးဝါး၊သယ်ယူပို့​ဆောင်​ရေးတို့ကို မှာကြားခဲ့သည်။

“ဆေးဝန်ထမ်းတပ်ဖွဲ့တွေ ဖွဲ့စည်းစေလွှတ်ရာမှာ မုန်တိုင်းဒဏ်၊ရေလွှမ်းမိုးမှုဒဏ်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကုသပေးနိုင်ဖို့ ဖွဲ့စည်းစေလွှတ်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မုန်တိုင်းသတိပေးချက်များကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကာ ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့ပြီး ကမ်းရိုးတန်း ဒေသများတွင်သာမက ကုန်းတွင်းသို့မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာ ဒေသများ၌လည်း ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

နစက ဥက္ကဋ္ဌအား ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုကို စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လျက်ရှိမှုနှင့်မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိမှုအခြေအနေများအား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်တို့မှ အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတတ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပေးပို့နိုင်ရေးအတွက် အရန်ဆန်များဒေသအလိုက် ကြိုတင်စုဆောင်းထားရှိမှု၊ တပ်မတော်မှ ရိက္ခာများနှင့် အမိုးသွပ်များ ကြိုတင်စုဆောင်းထားရှိမှု၊ ခေါက်ဆွဲခြောက်နှင့် ရိက္ခာခြောက်များ၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ (AHA Center) နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တပ်မတော်အရာရှိကြီးများကို တစ်ဦးချင်း လိုအပ်ချက်များ၊ အကြံပြုချက်များကိုမေးမြန်းပြီး ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျှင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရေး လေယာဉ် ယာဉ်ပေါ်အသင့်၊ ရေယာဉ် ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ် ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊လေ)နှင့် တိုင်းစစ်ဌာနချုပ်များ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက် ရန်လိုကြောင်း၊
မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦး တစ်ယောက်မှ ကျန်ရှိမှု မရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှု အနည်းဆုံးဖြင့် မုန်တိုင်း အန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့် ကြည့်ပြီး အချိန်နှင့် တစ်ပြေးညီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်မည်ဟု​ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here