မိုခါမုန်တိုင်း စစ်တွေမြို့အနီး မိုင် (၃၀) အကွာသို့ ရောက်လာ ၊ စစ်တွေမြို့အတွင်း ဒီရေများ ဝင်ရောက်လာပြီး ပိတ်မိနေသူများ အရေးပေါ် ကယ်ဆယ်ရန် လိုအပ်နေ

0
391

မိုခါမုန်တိုင်းသည် စစ်တွေမြို့အနီး မိုင် (၃၀) အကွာသို့ ရောက်လာပြီဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့အတွင်းသို့ မုန်တိုင်း ဒီရေများ ဝင်ရောက်လာကာ မြို့ခံအချို့ ပိတ်မိနေသည့်အတွက် အရေးပေါ် ကယ်ဆယ်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နေ့လယ် (၂) နာရီခွဲဝန်းကျင်က ရရှိသည့် သတင်းအချက်အလက်အရ စစ်တွေမြို့ လမ်းမတော်ရပ်ကွက်၊ အပါအဝင် အနိမ့်ပိုင်း ရပ်ကွက်များတွင် မုန်တိုင်း ‌ဒီရေများ ဝင်ရောက်လာနေပြီး တိုက်အောက်ထပ် မြုပ်ခါနီးအထိ ရှိနေကြောင်း ဒေသခံ ရာနှင့်ချီ ပိတ်မိနေကြောင်း စစ်တွေမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် လေတိုက်နှုန်းမှာ ပိုမိုပြင်းထန်လာပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်အပြင် ဒီရေမှာလည်း ဆက်လက်မြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။

မိုးဇလ၏ ခန့်မှန်းချက်အရ မုန်တိုင်း ဒီရေသည် ၁၆ ပေ ဝန်းကျင်အထိ မြင့်တက်နိုင်ကြောင်း သိရပြီး စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အစိုးရက မိုခါဆိုင်ကလုန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် (၂) ရက်ကပင် အနီရောင်အဆင့် သတိပေးထား ကြိုတင်ရှောင်ရှားကြရန် သတိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။

ယင်းသို့ သတိပေးနှိုးဆော်ထားသော်လည်း စစ်တွေ ဒေသခံများအနေဖြင့် စိုးရိမ်မှု မရှိကာ မြို့နေလူထု၏ ၂၀ ရာခိုင်နှုန်းဝန်းကျင်သာ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားကြကြောင်း စစ်တွေ ဒေသခံ ဦးအောင်သန်းဝေက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတိုက်ခတ်နေသော မိုခါဆိုင်ကလုန်း၏ ဒဏ်ကြောင့် ရခိုင်ကမ်းရိုးတန်းအပါအဝင် မကွေး၊ ချင်း၊ စစ်ကိုင်းနှင့် ရှမ်းပြည်အပါအဝင် မုန်တိုင်းဒဏ်ခံရသည့်ဒေသများမှ လူဦးရေ (၁၇) သန်းဝန်းကျင် ထိခိုက်နိုင်ကြောင်း WFP က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် သတိပေးထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here