“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ပုဂံနယ်မြေရှိ မင်းနန်သူချောင်းတွင် ရေကျော်မှုဖြစ်ပွား

0
200

အားအလွန့်အလွန်ကောင်းသော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း၍ မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ပုဂံနယ်မြေ၊မင်းနန်သူကျေးရွာရှိ မင်းနန်သူချောင်းတွင် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ မေ ၁၃ ရက်နံနက် ၉ နာရီခန့်မှစတင်ကာ မင်းနန်သူချောင်းတွင် ချောင်းရေမြင့်တက်လာပြီး လမ်းပေါ်သို့ရေကျော်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ချောင်းရေကျော်ဖြတ်ကူးသည့် ကားများ၊ဆိုင်ကယ်များနှင့်အထုတ်အပိုးပစ္စည်းများအား အန္တရာယ်မဖြစ်စေရန် ကူညီဖြတ်ကူးပေးခြင်း၊သယ်ယူပို့ဆောင်ပေးခြင်းများအား ကူညီပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မင်းနန်သူချောင်းရေကျော်တွင် Mark ll ကားတစ်စီးချောင်းရေကျော်ဖြတ်ကူးစဥ် အင်ဂျင်စက်ရပ်သွားပြီး ချောင်းလည်တွင်နစ်နေသဖြင့် ပုဂံနယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ကြသဖြင့် လူနှင့်ကားတို့ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အားအလွန့်အလွန်ကောင်းသည့် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန်မှာ နွေကာလဖြစ်သည့် မေလဖြစ်သော်လည်း မုန်တိုင်းတိုက်ခတ်သည့်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ၊မြစ်ရေများမြင့်တက်စီးဆင်းကာ လမ်းများပေါ်သို့ရေကျော်မှုများဖြစ်ပေါ်လျက်ရှိခြင်းဖြစ်သည်။

Photo-ညောင်ဦးမီးသတ်


LEAVE A REPLY

Please enter your comment!
Please enter your name here