မုန်တိုင်း ဒဏ်အပြင်းအထန်ခံခဲ့ရသည့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်အချို့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်

0
143

မေလ (၁၄) ရက် နေ့လယ်ပိုင်းက ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် အင်အားပြင်း မိုခါ ဆိုင်ကလုန်းဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် စစ်တွေမြို့အပါအဝင် မြို့နယ်အချို့တွင် ဆက်သွယ်ရေးလိုင်းများ ယနေ့မနက်ပိုင်းအထိ ပြတ်တောက်နေဆဲ ဖြစ်သည်။

ယမန်နေ့ နေ့လယ် (၁) နာရီ ဝန်းကျင်အထိ ပေါ်ပြူလာနယူးစ်က စစ်တွေမြို့ခံများထံ ဆက်သွယ်ရရှိခဲ့သော်လည်း (၂) နာရီနောက်ပိုင်းမှ စတင်ကာ ယနေ့ မေလ (၁၅) ရက် နံနက်ပိုင်းအထိ လုံးဝဆက်သွယ်၍ မရရှိတော့ခြင်း ဖြစ်သည်။

ယနေ့ နံနက် (၈) နာရီ ဝန်းကျင်မှ စတင်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင်၊ ကျောက်ဖြူ ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် မြို့နယ်များမှ ပေါ် ပြူလာနယူးစ်၏ သတင်းရင်းမြစ်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း နံနက် (၉) နာရီခွဲ ဝန်းကျင်အထိ ဆက်သွယ်၍ မရရှိသေးပေ။

အင်အားပြင်း မိုခါ ဆိုင်ကလုန်းသည် တစ်နာရီ ၁၂၅ မိုင်ဝန်းကျင်ဖြင့် စစ်တွေမြို့အနီးမှ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကာ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ မုန်တိုင်းဗဟိုချက်အနီးတွင် ကျရောက်ခဲ့သည့် စစ်တွေမြို့မှာ တစ်မြို့လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများ၏ ယမန်နေ့က ပြောကြားချက်များအရ သိရသည်။

စစ်တွေမြို့ပေါ်တွင် သစ်ပင်များလဲကျခြင်း ၊ ဆက်သွယ်ရေးတာဝါတိုင်းများလဲပြိုကျခြင်း ၊ အိမ်များနှင့်အဆောက်အဦများ ပြိုလဲခြင်း ၊ ခေါင်မိုးများလန်ခြင်းအပါအဝင် မုန်တိုင်း ဒီရေ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- Rakhine Radio FM


LEAVE A REPLY

Please enter your comment!
Please enter your name here