လပွတ္တာက မုန်တိုင်းရှောင်များ မူလနေရပ်ပြန်ကြပြီ

0
163

လပွတ္တာမြို့ပေါ်သို့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းဒဏ်မှ တိမ်းရှောင်လာကြသည့် မုန်တိုင်းရှောင် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများ မိမိနေရပ်သို့ ပြန်လည်ထွက်ခွာနေပြီ ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် စူပါ ဆိုင်ကလုန်း နာဂစ်၏ ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည့် လပွတ္တာဒေသခံများသည် ယခု မိုခါမုန်တိုင်း သတိပေးချက်များ ထွက်ပေါ်လာသည့်နောက် မြို့ပေါ်သို့ မေလ (၁၁) ရက်ဝန်းကျင်ကပင် စတင်ပြောင်းရွှေ့တိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

” အစ်မတို့ဆီမှာ လေသိပ်မတိုက်ဘူး။ ရေတော့ နည်းနည်း တက်တယ်။ တအားတော့မဆိုးဘူးပေါ့။ ဒီမှာက နာဂစ် အတွေ့အကြုံရှိတယ်လေ။ အဲဒီတော့ ခေါင်းမမာရဲကြဘူး။ အစောကြီးတည်းက ကြိုရှောင်နေကြတာ။ (၁၀) ရက် (၁၁) ရက်လောက်တည်းကပေါ့။အခုတော့ ပြန်ဖို့ လုပ်နေကြပြီ” ဟု နံနက် (၁၀) နာရီအချိန်တွင် လပွတ္တာမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

ယခု တိုက်ခတ်ခဲ့သည့် စူပါ ဆိုင်ကလုန်း မိုခါမုန်တိုင်းသည် လွန်ခဲ့သည့် ၁၅ နှစ် ၂၀၀၈ ခုနှစ် မေလ (၂) ရက်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းထက် အနည်းငယ်သာ အားပျော့ပြီး တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here