စစ်တွေမြို့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့်ပို့ဆောင်

0
452

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦး(Cyclone Shelter)များနှင့်ယာယီခိုလှုံရာစခန်းများတွင်နေထိုင်လျက်ရှိသူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ရေးပစ္စည်းများအား မေ ၁၅ ရက်(ယနေ့)နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့်ပို့ဆောင်ပေးခဲ့သည်။

နေပြည်တော်လေဆိပ်မှတဆင့် စစ်တွေလေဆိပ်သို့ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများကလှူဒါန်းသောပစ္စည်းများကို ၂ ကြိမ်တိုင်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပထမအကြိမ်တွင် ဆန် ၅၀၀ အိတ်၊ဘီစကတ် ၄၂၅ အိတ်နှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဒုတိယအကြိမ်တွင် ဆန် ၃၅၀ အိတ်၊ဘီစကတ် ၃၂၅ အိတ်၊တပ်မတော်ဆေးအဖွဲ့များနှင့်ဆေးပစ္စည်းများကို ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်သည်။

ရောက်ရှိလာသည့် လှူဒါန်းပစ္စည်းများအား စစ်တွေလေဆိပ်တွင် တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီး သက်ဆိုင်ရာနေရာအသီးသီးသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘုရားစေတီပုထိုးများ၊ဘုန်းတော်ကြီးကျောင်းများ၊လူနေအိမ်များ၊ဌာနဆိုင်ရာ အဆောက်အဦးများပြိုကျပျက်စီးခြင်း၊သစ်ပင်သစ်ကိုင်းများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ကားလမ်းများရေကျော်ခြင်း၊လမ်းမီးတိုင်များပျက်စီးခြင်း၊တာဝါတိုင်များပျက်စီးခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here