မုန်တိုင်း ဘေးသင့်ပြည်သူများအတွက် အရေးပေါ်တုန့်ပြန်ရေးအစီအစဉ်များ ဆောင်ရွက်နိုင်ရန် အသင့်ရှိနေဟု ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲအစည်းများ ဆို

0
226

မိုခါမုန်တိုင်း ဘေးဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေအပါအဝင် မြို့နယ်များမှ ပြည်သူလူထုအတွက် အရေးပေါ် တုန့်ပြန်ရေး အစီအစဉ်များကို လုပ်ဆောင်ရန် အသင့်အနေထားရှိနေကြောင်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲအစည်းများဆိုသည်။

ပြီးခဲ့သည့် (၁၆) နာရီက ထုတ်ပြန်ထားသည့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်တွင် ပြောကြားထားခြင်းဖြစ်ပြီး အရေးပေါ်တုန့်ပြန်ရေးအစီအစဉ်များကို မိတ်ဖက်အဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် စစ်တွေမြို့နယ်အပါအဝင် အနည်းဆုံး (၇) မြို့နယ်မှာ ပျက်စီးဆုံးရှုံးမှုများပြားနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားပြီး အစိုးရက မြို့နယ်ပေါင်း (၁၇) မြို့နယ်ကို သဘာဝဘေးသင့်ခဲ့သည့် ဒေသများအဖြစ် သတ်မှတ်ထားသည်။

လက်ရှိတွင် အဆိုပါ မုန်တိုင်း ဘေးဒဏ်ခံခဲ့ရသည့် မြို့များသို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အစိုးရက စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် တပ်မတော်က မတည်ငွေအနေဖြင့် သိန်းပေါင်း (၁၀၀၀၀) မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၃၀၀၀၀) ကျော် ရရှိထားပြီဖြစ်ကြောင်း နစက ဘက်ကထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ရရှိသည့် အစောပိုင်း အစီရင်ခံစာများအရ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် အဆောက်အဦ ပျက်စီးမှုများ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေးတာဝါတိုင်များလည်း ပြတ်တောက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအလုံးစုံကို သိရှိရန် မဖြစ်နိုင်သေးသော်လည်းအကူဘအညီ လိုအပ်ချက်များ မြင့်မားလာနိုင်ကြောင်းလည်း UNOCHA ကလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သည်လည်း အရေးပေါ်အခြေအနေ အကြီးစားတုန့်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ပြင်ထားပြီး စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး အထောက်အပံ့များ၊ မော်တော်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းကိရိယာများကိုလည်း ကြိုတင်နေရာချထားပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။

လက်ရှိတွင် WFP သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်တို့၏ လိုအပ်ချက်များကို တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို ကြိုတင်နေရာချထားပြီးဖြစ်ဟုလည်း သိရသည်။

UNHCR အနေဖြင့်လည်း စစ်တွေနှင့် ကျောက်ဖြူဒေသမှ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန်၊ စားနပ်ရိက္ခာများကူညီထောက်ပံ့ရန် စသည့် လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း မုန်တိုင်း မဝင်ရောက်မီရက်ပိုင်းအလိုကပင် ကြေညာထားပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here