ထိုင်းရွေးကောက်ပွဲ Move Forward ပါတီအနိုင်ရ၊အစိုးရဖွဲ့ရန်အသင့်ဖြစ်နေပြီဟုဆို

0
509

ဘန်ကောက်၊မေ ၁၅

ထိုင်းနိုင်ငံ၏တိုးတက်ရေးဝါဒီ Move Forward ပါတီခေါင်းဆောင်နှင့်ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းဖြစ်သူ မစ္စတာ Pita Limjaroenrat က ၎င်း၏နိုင်ငံရေးအုပ်စုသည် အထွေထွေ ရွေးကောက်ပွဲတွင် သမိုင်းဝင်အောင်ပွဲရခဲ့ပြီးနောက်အစိုးရဖွဲ့ရန် အဆင်သင့်ဖြစ်နေပြီဟု မေလ ၁၅ ရက်တွင်ကြေငြာခဲ့သည်။

ပါတီရုံးချုပ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်သူများအနေဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ရန် ၎င်းတို့ပါတီအား ယုံကြည်စွာအပ်နှံခြင်းအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ထိုင်းပြည်သူများအနေဖြင့် ၎င်း၏ပါတီကိုယုံကြည်၍သာ ယခုကဲ့သို့ အပ်နှံခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ဆန္ဒအလျောက် မဲပေးခဲ့ကြခြင်းဖြစ်သည်မှာ မှားနိုင်စရာမရှိဟုလည်း၎င်းကဆိုသည်။

ထိုင်းနိုင်ငံ၌ အောက်လွှတ်တော်အမတ် ၅၀၀ ကို ရွေးကောက်တင်မြှောက်ရန် တနင်္ဂနွေနေ့ ရွေးကောက်ပွဲ၌ လူပေါင်း ၃၉ ဒသမ ၃ သန်းခန့် ပါဝင်မဲပေးခဲ့ကြသည်။

ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် မဲပေးသူဦး‌ရေ ၇၅ ဒသမ ၂၂ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံ၏နိုင်ငံရေးသမိုင်းတွင် အများဆုံးဖြစ်ခဲ့ကြောင်းသိရသည်။

Move Forward ပါတီသည် လွှတ်တော်အမတ် ၁၅၁ နေရာနှင့် လူထုထောက်ခံမှုဆန္ဒမဲပေါင်း ၁၄ သန်းကျော်ရရှိခဲ့သည့်ထိပ်ဆုံးပါတီလည်းဖြစ်သည်။

ဒုတိယအနေဖြင့် Pheu Thai ပါတီက ၁၄၁ နေရာ၊ Bhumjauthai ပါတီမှ နေရာ ၇၀ တို့ဖြင့်အသီးသီးအနိုင်ရခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးမဟာမိတ်များနှင့် အစိုးရသစ်ဖွဲ့ရန်လည်းအဆင်သင့်ရှိကြောင်း Move Forward ပါတီခေါင်းဆောင်မစ္စတာ Pita ကပြောကြားခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ခေါင်းဆောင် မစ္စတာ Pita Limjaroenrat သည် ဟားဗတ် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here