သာကေတရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အားဓားပြတိုက်လုယက်ခဲ့သူ DRPA အဖွဲ့ဝင် ၈ ဦးအား ၄ နာရီအတွင်းဖမ်းဆီးရမိ

0
366

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊အမှတ်(၉)ရပ် ကွက်၊ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း”စိန်ရွှေရတနာဆိုင်အား မေ ၁၃ ရက်နံနက် ၁၀ နာရီခွဲက အမျိုးသား ၄ ဦးမှ ဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်း ၃ ဦးအားသေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာမှ ယင်းနေ့မွန်းလွဲ ၂ နာရီတွင် ပြစ်မှုကျူးလွန်ရာ၌ပါဝင်သည့် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီးနှင့်ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုးတို့အား ပြစ်မှုကျူး လွန်ပြီး ၄ နာရီအတွင်း အင်းစိန်မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူများဖြစ်သည့် စကင်မရွန်းဇင်၊မင်းခန့်မောင်၊ကျော်မင်းဝေ (ခ)ဝေကြီး၊ဇေယျာအေး(ခ)ဇေယျာ၊နိုင်ဦး(ခ)စွန် ရဲနှင့်လင်းဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှပြစ်မှုကျူးလွန်သူ ၈ ဦးအား Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ကျည်မျိုးစုံ ၁၂၁ တောင့်၊လက်ပစ်ဗုံး ၃ လုံး၊ရှို့ပစ်လက်ပစ် ဗုံး ၂ လုံး၊ ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့သည့် ငွေကျပ်သိန်း ၄၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့်ငွေကျပ် ၃၀ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ ၈ ဦးသည် Anti-Dictatorship Revolution People’s Army- DRPA အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့ကျူးလွန်ထားသည့် လုပ်ကြံသတ်ဖြတ်မှုများ၊ဖောက်ခွဲဖျက်ဆီးမှုများ၊ဓားပြတိုက်လုယက်မှုများကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here