မုန်တိုင်းဒဏ်သင့် ရခိုင်နှင့် ချင်းကို အမေရိကန် အစိုးရမှ ကန်ဒေါ်လာ (၂) သိန်းစတင်ကူညီ

0
272

မိုခါ မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်အစိုးရမှ ဒေါ်လာ (၂) သိန်း စတင်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ အကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကနေ တစ်ဆင့်ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက မေလ(၁၇)ရက်တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ကူညီမှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရာတွင် လိုအပ်နေသည့် နေအိမ်အဆောက်အအုံများ၊ ရေနှင့် တကိုယ်ရည်သုံးပစ္စည်းများနှင့် အခြားလိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များ အပါအဝင် မြို့နယ် အများစုတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။

အလားတူ ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ တီးတိန်၊ ဟားခါးမြို့နယ်တို့တွင် မုခါဆိုင်ကလုန်း၏ ဒဏ်ကို ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းဒဏ်သင့် ဒေသများနှင့် ပတ်သက်၍ ရခိုင်နှင့် ချင်းမှ မြို့နယ်စုစုပေါင်း (၂၁) မြို့နယ်ကို အစိုးရက သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများအဖြစ် သတ်မှတ်ကြောင်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here