တရုတ်စစ်တပ်ကို ပြက်လုံးထုတ်သော ဟာသကုမ္ပဏီ ကန်ဒေါ်လာ ၂ သန်းကျော် ဒဏ်ရိုက်ခံရ

0
318

ပေကျင်း၊ မေ ၁၈

တရုတ်အာဏာပိုင်များသည် ဟာသကုမ္ပဏီတစ်ခုကို ၎င်း၏ ဝန်ထမ်းတစ်ဦးက ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် ပတ်သက်၍ ပြက်လုံး ထုတ်ခဲ့သောကြောင့် မေလ ၁၇ ရက် ဗုဒ္ဓဟူးနေ့တွင် ယွမ်သန်းနှင့်ချီ၍ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

တရုတ်လူရွှင်တော် လီဟောင်ရှီ သည် ပြီးခဲ့သည့်အပတ် စနေနေ့က ကျင်းပခဲ့သော ပေကျင်းမြို့ရှိ ရှိုးပွဲတစ်ခုတွင် PLA ၏ ဆောင်ပုဒ်ကို ပြက်လုံးတစ်ခုအတွင်း သွယ်ဝိုက်၍ အသုံးပြုခဲ့ကြောင်း တရုတ်ဆိုရှယ်မီဒီယာဖြစ်သည့် ဝေးဘော် ၌ တင်ထားသော အသံဖိုင်အရ သိရသည်။

လီသည် ပရိသတ်များအား ရှဉ့်တစ်ကောင်ကို လိုက်ဖမ်းနေသည့် သူ၏ အိမ်မွေးခွေးများအကြောင်း ပြောပြနေချိန်တွင် “လုပ်ပုံကိုင်ပုံ ကောင်းတယ်၊ တိုက်ပွဲတွေမှာ အနိုင်ရနိုင်တယ်” ဟူသော PLA ၏ ဆောင်ပုဒ်ကို အသုံးပြုခဲ့သည်။ ထိုလုပ်ရပ်သည် စစ်တပ်၏ လုပ်ဆောင်ပုံများအား အိမ်မွေးခွေးများ၏ အမူအရာများနှင့် ခိုင်းနှိုင်းသလို ဖြစ်သွားခဲ့သည်။

ထို့ကြောင့် လီ၏ မိခင်ကုမ္ပဏီဖြစ်သော ရှောင်းဂေါ် ကာချာ မီဒီယာကို ဥပဒေ ချိုးဖောက်မှု၊ စစ်တပ်အပေါ် အထင်မြင်သေးစေမှုတို့ဖြင့် ယွမ် ၁၄ ဒသမ ၇ သန်း (ဒေါ်လာ ၂ ဒသမ ၁၃ သန်း) ဒဏ်ရိုက်ခဲ့သည့်အပြင် ပေကျင်းနှင့် ရှန်ဟိုင်းမြို့တို့၌ ကျင်းပသွားမည့် ၎င်းကုမ္ပဏီ၏ ရှိုးပွဲများ အားလုံးကိုလည်း အချိန်အကန့်သတ်မရှိ ရပ်ဆိုင်းစေခဲ့သည်။

ထို့ပြင် လီကိုလည်း ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပေကျင်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဝေးဘော် အက်ပ်ပေါ်၌ ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here