ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏အားကသာ နိုင်ငံတော်ကိုစစ်မှန်သည့် အကျိုးဖြစ်ထွန်းစေသည်

0
393

မေ ၁၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)၊အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့်(အငယ်တန်းအဆင့်)(၁/၂၀၂၃)မှ သင်တန်းသား၊သင်တန်းသူများ၊အုပ် ချုပ်သူနည်းပြများကို တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

“ပညာပြည့်ဝနှလုံးလှတဲ့ လူငယ်တွေရဲ့အားကသာ နိုင်ငံတော်ကို စစ်မှန်တဲ့အကျိုးဖြစ်ထွန်းစေတာကြောင့် ပညာပြည့်ဝနှလုံးလှတဲ့ လူငယ်တွေဖြစ်အောင်ကျင့်ကြံကြိုးစားကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပညာပြည့်ဝနှလုံးရည်လှသူတိုင်းသည် အရာရာကို အကောင်းအဆိုးခွဲခြားနိုင်စွမ်းရှိခြင်းကြောင့် ပညာ၏အရေးပါမှုကိုသိနားလည်ပြီး မိမိတို့၏ ဘဝလမ်းကြောင်း မတိမ်းစောင်းအောင်ဂရုပြုနိုင်စွမ်းရှိကာတစ်ဦးချင်း၏ဘဝလမ်းကြောင်း ၊မိသားစု၏အနာဂတ်လမ်းကြောင်းကို တည့်မတ်ဖြောင့်မတ်အောင် ထိန်းကျောင်းနိုင်ပြီး နိုင်ငံတော်ကိုလည်း မယိမ်းမယိုင်အောင်ကာကွယ်စောင့်ထိန်းနိုင်သူများဖြစ်လာကြမည်ဟု ဆိုသည်။

“စာအုပ်စာပေတွေဟာ လူသားတို့ရဲ့ မိတ်ဆွေတွေဖြစ်တာကြောင့် စာအုပ်စာပေတွေထဲက လူသားတွေအတွက် မှန်ကန်တဲ့အသိဉာဏ်ရင့်သန်မှုကို ပေးနိုင်စွမ်းရှိလို့ စာကောင်းပေမွန်တွေကို ရွေးချယ်ဖတ်ရှုတတ်ဖို့လိုပါတယ်၊ ငယ်စဉ်ဘဝတည်းက စာကောင်းပေမွန်တွေဖတ်ရှုခြင်းကြောင့် မှန်ကန်တဲ့အသိအမြင်အတွေးအခေါ်နဲ့ဉာဏ်ပညာတွေကိန်းအောင်းနိုင်စေဖို့ အခြေခံစိတ်ဓာတ်ကောင်းတွေလည်း ရရှိစေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံသည် ရာသီဥတုသာယာမျှတမှု၊ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင်တည်ရှိမှု၊ရာသီဥတုသုံးမျိုးလုံးနှင့်ကိုက်ညီစွာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည်ဟု ဆိုသည်။

“အခုလိုအခြေခံကောင်းတွေကို အကျိုးရှိအောင် အသုံးချနိုင်ဖို့ လူသားအရင်းအမြစ်တွေရှိမှသာ တိုင်းပြည်ရဲ့ စီးပွားကလည်း အခုထက်မကအဆ ပေါင်းများစွာတိုးပွားလာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လူငယ်လူရွယ်များ၏ စာရိတ္တမဏ္ဍိုင်မြင့်မားရေး၊မျိုးချစ်စိတ်ဓာတ်ရှင်သန်ထွန်းကားရေး၊အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိစေရေးစသည့် ကဏ္ဍအသီးသီးတိုးတက် အောင်မြင်မှုရရှိရန် အစိုးရမှဆောင်ရွက်ပေးနေခြင်းသည် တိုင်းပြည်၏ လူသားအရင်းအမြစ်များရှင်သန်ခိုင်မာရန်ပင်ဖြစ်သည်ဟု ဆိုသည်။

ထိုမှသာ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံတော်ကြီးသည် လူသားအရင်းအမြစ်ကောင်းများ၏ ကြိုး စားအားထုတ်မှုနှင့်အတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here