ပူတင်ကို ဖမ်းဝရမ်း ထုတ်သည့် ICC ၏ ရှေ့နေကို အလိုရှိစာရင်းထဲ ရုရှားထည့်

0
429

ရုရှားအာဏာပိုင်များသည် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ပူတင်အား မတ်လတွင် ဖမ်းဝရမ်း ထုတ်ခဲ့သည်ကို တန်ပြန်သည့်အနေဖြင့် ICC အစိုးရရှေ့နေ ကရင်းမ် ခန်ကို ၎င်းတို့၏ အလိုရှိစာရင်းထဲ ထည့်သွင်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဗြိတိန်နိုင်ငံသား အစိုးရရှေ့နေ ခန်သည် မတ်လတွင် ပူတင်အား စစ်ရာဇဝတ်မှုများဖြင့် ဖမ်းဆီးရန်အတွက် ဝရမ်းထုတ်ရန် ပြင်ဆင်ခဲ့သူ ဖြစ်သည်။

ခန်၏ ဓာတ်ပုံသည် မေလ ၁၉ ရက် သောကြာနေ့တွင် ရုရှားပြည်တွင်းရေး ဝန်ကြီးဌာန၏ ဒေတာဘေ့စ်၌ ထွက်ပေါ်လာကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါသတိပေးစာတွင် ခန်အား စကော့တလန်နိုင်ငံ၊ အမ်ဘရာမြို့၌ ၁၉၇၀ ခုနှစ် မေလ ၃၀ ရက်တွင် မွေးဖွားခဲ့သူဟု ဖော်ပြထားသော်လည်း မည်သည့် ရာဇဝတ်မှုဖြင့် အလိုရှိစာရင်းထဲ သွင်းခံထားရသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

သို့ရာတွင် ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီသည် ခန်အား မတ်လကတည်းက အပြစ်မဲ့သူကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းက အကာအကွယ်ပေးထားသော ပြည်ပနိုင်ငံတစ်ခု၏ ကိုယ်စားလှယ်တစ်ဦးအား တိုက်ခိုက်ရန် ပြင်ဆင်ခြင်းအတွက် စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ရုရှားသည် ပူတင်အား ဖမ်းဝရမ်းထုတ်အပြီး နောက်တစ်ရက်တွင် ခန် နှင့် အခြား ICC တရားသူကြီး သုံးဦးကိုပါ အမှုဖွင့်ခဲ့ကြောင်း သိရသည်။ ပူတင်သည် ယူကရိန်း ကလေးငယ်များအား ရုရှားနိုင်ငံအတွင်းသို့ မှောင်ခိုသွင်းမှုဖြင့် ICC ၏ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံထားရသည်။

Source: ဝီယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here