UEC ဒု-ညွှန်ကြားရေးမှူးချုပ်ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Yangon Revolution Force-YRF အဖွဲ့ဝင် ၁၀ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းမိ

0
4460

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးစိုင်းကျော်သူသည် ဧပြီ ၂၂ ရက်နေ့လည်ပိုင်းက ဇနီးဖြစ်သူအား “အောင်ရတနာ”အထူးကုဆေးရုံသို့ ပို့ဆောင်ပြီးပြန်လာစဥ် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ဝေဇယန္တာလမ်း၊အမှတ်(၁၆)လမ်းဆုံအနီးတွင် သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ မေ ၁၂ ရက်နံနက်ပိုင်းတွင် ပြစ်မှုကျူးလွန်ရာ၌ပါဝင်သည့် အာကာထက်ကျော်(ခ)အောင်သုခအား စမ်းချောင်းမြို့ နယ်တွင် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများဖြစ်သည့် ရဲကျော်ပိုင်(ခ)မောင်ကြီး၊ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်၊ဇင်မျိုးဦး(ခ)Flash(ခ) သားငယ်၊စိုးသူ(ခ)Red(ခ)ကောင်းဝေ၊မင်းဆက် (ခ)အောင်သူဟန်၊ချစ်ကိုကို၊ကျော်လွင်ဦး၊ပန်းအေး(ခ)ကိုမျိုး၊လပြည့်အိမ်(ခ)ကိုရှိုင်းတို့အား အ သီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်ခဲ့သည့် Yangon Revolution Force-YRF အဖွဲ့ဝင် ၁၀ ဦးအား ပစ္စတိုသေနတ် ၂ လက်၊လက်လုပ်သေနတ်ကိုယ်ထည် ၁ ခု၊လက်ပစ်ဗုံး ၁ လုံး၊ကျည်မျိုးစုံ ၅၆ တောင့်၊ကျည်ကာအင်္ကျီ ၈ ထည်၊ကျေးရွာအုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ Laptop ၁ လုံး၊ဖုန်း ၄ လုံးတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ UEC ဒု-ညွှန်ကြားရေးမှူးချုပ်ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်မှုအပါအဝင် ရန်ကုန်မြို့၌ ၎င်းတို့ကျူးလွန်ခဲ့သည့် လုပ်ကြံသတ်ဖြတ်မှုများ၊ပစ်ခတ်တိုက်ခိုက်မှုများ၊မိုင်းထောင်ဖောက်ခွဲမှုများကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here