ဘားအံမြို့၌ ဒူးရင်းသီးဘူဖေးပွဲတော်ကျင်းပမည်

0
489

ကရင်ပြည်နယ်၊ဘားအံမြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသခွက်သီးနှံများ၊ဒေသထွက်ကုန်များအားအရောင်းမြှင့်တင်သည့်အနေဖြင့် ဒုတိယအကြိမ်မြောက် ဒူးရင်းသီးဘူဖေးပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲက ဒုတိယအကြိမ်မြောက်ပါ ဒူးရင်းသီးအလုံးရေ ၅၀၀ လောက်ကျွေးပါ့မယ် လာတဲ့လူအပေါ်မူတည်ပြီး ထပ်စီစဥ်ပေးသွားမှာပါ ဒူးရင်းသီးအလုံးကြီးတွေအပြင် ကြက်မောက်သီးအနည်းဆုံး ပိဿာ ၅၀ နဲ့မင်းဂွတ်သီးအလုံးရေ အနည်းဆုံး ၃၀၀ ထပ်ထည့်ထားမှာပါ ပထမအကြိမ်တုန်းကတော့ ဒူးရင်းသီးအလုံး ၃၀၀ မင်းဂွတ်သီးအလုံး ၅၀၀ နဲ့ကြက်မောက်သီး ပိဿာ ၅၀ စီပါ ၂ ခြင်းစီစဥ်ပေးခဲ့ပါတယ်”ဟု ဦးဆောင်ကျင်းပသည့် ညီသုတသစ်သီးပွဲရုံပိုင်ရှင်ကပြောသည်။

ဒူးရင်းသီးဘူဖေးပွဲတော်၌ ဒူးရင်းသီးများအားခွဲ၍ ဗူးအကြည်များအတွင်းထည့်ပေးထားခြင်းများအပြင် မခွဲရသေးသည့် ဒူးရင်းသီးများကိုလည်း ခြင်းများဖြင့်ထည့်ပေးထားမည်ဖြစ်ကာ လာရောက်သူများအနေဖြင့် ကိုယ်တိုင်ခွဲကာစားသုံးနိုင်ကြောင်း သိရသည်။

“အိမ်သယ်ခွင့်မပေးပါဘူး စိတ်ကြိုက်အဝစားပါ ကိုယ်တိုင်ခွဲစားလို့ရသလို ဒူးရင်းသီးကိုမခွဲချင်တဲ့လူတွေအတွက်လည်း ခွဲပြီးဗူးအကြည်လေးတွေနဲ့ထည့်ပေးထားမှာပါ”ဟု ညီသုတသစ်သီးပွဲရုံပိုင်ရှင်ကပြောသည်။

ဘားအံမြို့၏ ဒူးရင်းသီးဘူဖေးပွဲတော်အား မေ ၂၇ ရက်မွန်းတည့် ၁၂ နာရီမှနေ့လည် ၃ နာရီအထိ ဇွဲကပင်တောင်ခြေရှိ Zwekapin valley Resort တွင်ကျင်းပသွားမည်ဖြစ်ကာ လက်မှတ်ခအဖြစ် လူကြီးတစ်ဦးလျင် ၂၅၀၀၀ ကျပ်နှင့်ကလေးတစ်ဦးလျင် ၁၂၅၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။
ဘားအံမြို့၏ ဒူးရင်းသီးဘူဖေးပွဲတော်သို့လာရောက်လိုသူများအနေဖြင့် လက်မှတ်များအား အား ဘားအံမြို့၊ကမ်းနားလမ်းရှိ Crown Souvenir & Gift Shop (Hpa-an)နှင့်မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မော်လမြိုင်ကမ်းနားလမ်းရှိ Crown Souvenir & Gift Shop (Mawlamyine)တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ဒူးရင်းသီးဘူဖေးပွဲတော်၌ ကရင်ပြည်နယ်၏ ရှု့ခင်းအလှပုံများအားရိုက်ကူးထားသည့် ဓာတ်ပုံများကို ဘောင်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here