“မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများ၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေကျပ်သိန်းပေါင်း ၂ သိန်းကျော်ရရှိထား

0
179

မုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုရန် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲအား မေ ၂၀ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နစက ဥက္ကဋ္ဌတက်ရောက်၍ လက်ခံရယူခဲ့သည်။လက်ရှိအထိ အလှူငွေကျပ်သိန်းပေါင်း ၂၁၈၉၈၅ ရရှိထားကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးအား မေ ၁၅ ရက်နံနက်ပိုင်းက ပြုလုပ်စဉ် အလှူရှင်များကသဘာဝဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေများလှူဒါန်းလိုကြောင်းသိရ၍ အရေးပေါ်အလှူငွေလက်ခံခြင်းအခမ်းအနားပြုလုပ်ခဲ့ပြီး အလှူငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀ ကိုလက်ခံရရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌက ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ၌ ပြောကြားခဲ့သည်။

ထို့နောက် အလှူရှင်များက ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာတွင်အသုံးပြုရန် အလှူငွေများကိုပေးအပ်လှူဒါန်းရာ နစက ဥက္ကဋ္ဌမှလက်ခံရယူခဲ့ပြီး မေ ၁၅ ရက်ကလှူဒါန်းခဲ့သည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတကာမှအကူအညီများ ပေးအပ်လျက်ရှိကာ အိန္ဒိယနိုင်ငံမှကူညီကယ်ဆယ်ရေးပစ္စည်းများကို သင်္ဘောများဖြင့် လာရောက်ပို့ဆောင်ပေးလျက်ရှိပြီး တရုတ်နိုင်ငံမှလည်း အရေးပေါ်အနေဖြင့်နယ်စပ်မှ စားသောက်ကုန်များကိုပေးပို့လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံမှလည်း လာမည့်တနင်္လာနေ့တွင်ပေးပို့မည်ဖြစ်ကာ အာဆီယံ(AHA)စင်တာမှ ကူညီထောက်ပံ့ရေးပစ္စည်းများကို ပေးပို့သွားမည်ဟုသိရပြီး အခြားနိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးသွားမည်ဟု အသိပေးအကြောင်းကြားမှုများရရှိပြီးဖြစ်သည်ဟု ပြောသည်။

“ပြည်တွင်း၊ပြည်ပကလှူဒါန်းတဲ့ အလှူငွေတွေနဲ့ပစ္စည်းတွေကို မုန်တိုင်းဒဏ်သင့်ဒေသတွေက ပြည်သူတစ်ဦးတစ်ယောက်မှမကျန်ရှိစေဖို့ ကူညီဆောင်ရွက်ပေးသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် စေတနာရှင်၊အလှူရှင်များမှ ငွေကျပ် ၈၇၁၇၅၃၉၅၀၀ ၊ ထိုင်းဘတ်ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅၀၀၀ တန်ဖိုးရှိသွပ်ချပ်ရေ ၁ သိန်းနှင့်ဆက်စပ်အိမ်မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့်ညီမျှသည့် ခေါက်ဆွဲခြောက် ၊ဘီစကွတ်နှင့်ရေသန့်များကို လက်ခံရရှိခဲ့သည်။ပြည်ခိုင်ဖြိုးပါတီကလည်း သိန်း ၃၀၀ ထည့်ဝင်လှူဒါန်းခဲ့သည်။

ထို့ကြောင့် မေ ၁၅ ရက်တွင်လှူဒါန်းခဲ့သည့် အလှူငွေများနှင့်ပေါင်းပါက အလှူငွေကျပ်သိန်းပေါင်း ၂၁၈၉၈၅ ကျော်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်အနေနဲ့ သဘာဝဘေး ဒဏ်သင့်ခဲ့တဲ့ ဒေသတွေကို ထိထိရောက်ရောက်ကူညီပေးနေပါတယ်၊ ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ် တချို့ဒေသတွေအတွက်လည်း ကူညီပေးသွားမှာပါ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို မိုးမကျမီခိုင်ခိုင်မာမာဖြစ်အောင် အားသွန်ခွန်စိုက်ဆောင်ရွက်ပေးနေပါတယ်၊ လှူဒါန်းငွေတွေကိုလည်း အကျိုးရှိရှိဖြင့်ထိထိရောက်ရောက်အသုံးချသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here