သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်ပေါ်စေရန်နှင့်ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်အောင်ဆောင်ရွက်မည်

0
179

မေ ၂၀ ရက်နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး၌ပြုလုပ်ခဲ့သည့် “မိုခါ” ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌမှ မှာကြားခဲ့ခြင်းဖြစ်သည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဖွဲ့လိုက်ပြန့်ကျဲနေခြင်းမျိုးမဖြစ်စေရန်၊အမှန်တကယ်လိုအပ်သည့်နေရာများမကျန်ရှိစေရန် နေ့စဉ် ဆွေးနွေးရေး၊ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင်လည်း စနစ်တကျမှတ်ပုံတင်ဆောင်ရွက်ရေးတို့ကိုမှာကြားသည်။

“အဓိကလိုအပ်တာက သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ စားရေရိက္ခာတွေ ပြတ်လပ်မှုမရှိစေဖို့နဲ့ဆက်သွယ်မှုပြတ်တောက်မှုမရှိစေဖို့ကို ဦးစားပေးဆောင်ရွက်ပေးရပါမယ်၊ လမ်းကြောင်းတွေမှာ ပိတ်ဆို့နေတဲ့ သစ်ပင်၊သစ်ကိုင်းတွေကိုရှင်းလင်းရာကနေရလာတဲ့ သစ်ပင်ကြီးတွေကိုပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

လူနေအိမ်များအနီးနှင့်ဓာတ်တိုင်ဓာတ်ကြိုးများနှင့်လွတ်ကင်းမှုမရှိသည့် သက်တမ်းရင့်သစ်ပင်ကြီးများကို ဘေးအန္တရာယ်မရှိစေရန်ကြိုတင်ရှင်းလင်းထားရမည်ဖြစ်ပြီး သဘာဝဘေးဒဏ်သင့်ခဲ့သည့်ဒေသများ၌ သစ်ပင်ကြီးမျိုးများ ပြန်လည်စိုက်ပျိုးရန် နှစ်နှစ်နှင့်အထက်၊နှစ်ပေ အထက်အပင်များကို အရေအတွက်အများအပြား ပို့ဆောင်ပေးရေး၊ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်ပြန်လည် ထူထောင်ရေးပစ္စည်းများကို ပြည်တွင်းပြည်ပမှ ထောက်ပံ့ပေးလျက်ရှိပြီး မကြာမီထပ်မံရောက်ရှိလာမည်ဖြစ်၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်စွာဆောင်ရွက်နိုင်ရန် လေဆိပ်များ၌ Conveyor များထားရှိရေးတို့ မှာကြားခဲ့သည်။

နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်အထူးဆေးကုသရေးအဖွဲ့များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ ဆောင်ရွက်ပေးပေးနိုင်ရန်နှင့် လိုအပ်သည့်ဆေးဝါးပစ္စည်းများကို ဖြည့်တင်းပေးရန်တို့လည်းပါဝင်သည်။

ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား မိုးမကျမီ လူအင်အား၊စက်ယန္တရားအင်အားသုံး၍  ဆောင်ရွက်ရမည်ဖြစ်ကာ သဘာဝဘေးအန္တရာယ်ခိုလှုံရာ Shelter များကိုလည်း ထပ်မံဆောက်လုပ်ရေး၊Shelter များထပ်မံဆောက်လုပ်ရာ၌ ခိုလှုံရေး၊ပညာသင်ကြားရေးစသည့် Multipurpose အသုံး ပြုနိုင်သည့် Shelter များအထိ ရေရှည်စဉ်းစားဆောင်ရွက်ရေး၊ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးတို့ကိုချိတ်ဆက်ပေးခဲ့သည်။

သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုများမဖြစ်ပေါ်စေရန်၊အသားဘူး၊ငါးဘူးများ ပို့ဆောင်ပေးခြင်းနှင့်အသား၊ငါးများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန် စီမံဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်ကျောင်းများ၊ဘာသာရေးကျောင်းများ၏ စားရေးသောက်ရေးအဆင်ပြေစေရန် တာဝန်ရှိသူများက ကြည့်ရှုဆောင်ရွက်ပေးရမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here