ပုဂ္ဂလိက ကုမ္မဏီကြီးများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌ ကြည့်ရှု

0
260

ဧရာဝတီတိုင်း၊ညောင်တုန်းမြို့နယ်ရှိ “ဝါဝါဝင်း” စိုက်ပျိုးမွေးမြူရေးကုမ္ပဏီနှင့်ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co.,Ltd တို့၏လုပ်ငန်းဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌက မေ ၂၁ ရက်မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့သည်။

ညောင်တုန်းမြို့နယ်ရှိ “ဝါဝါဝင်း” စိုက်ပျိုးမွေးမြူရေးကုမ္ပဏီဥက္ကဋ္ဌဦးရွှေကြိုင်မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့မှုများနှင့် ၂၀၀၅ ခုနှစ်မှစ၍ ကိုယ်ပိုင်ငါးသားဖောက်စခန်းများတည်ထောင်ခဲ့ရာ လက်ရှိအချိန်တွင် ငါးသားဖောက်စခန်းမှ အရည်အသွေးမီ ရောဂါကင်းသည့် ငါးမြစ်ချင်း၊ငါးမှုန်ခွက် ၁၀၀၀၀ ခန့်ထုတ်လုပ်ပြီး မျိုးငါးသိန်း ၁၅၀ ခန့် ထည့်သွင်းမွေးမြူနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် ၂၀၀၇ ခုနှစ်တွင် ငါးအစာတောင့်စက်ရုံစတင်လည်ပတ်နိုင်ခဲ့မှု၊အအေးခန်းစက်ရုံများမှ တဆင့် ပြည်ပသို့နှစ်စဉ်အေးခဲငါးများတင်ပို့ရောင်းချပေးလျက်ရှိမှု၊ ၂၀၂၂ ခုနှစ်မှစတင်၍ ငါးခြစ်၊ငါးချဉ်၊ငါးအသားလုံး၊ငါးငံပြာရည်၊ငါးကြင်းဆီ၊ငါးမုန့်နှင့်အခြားငါးအခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်များကို ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချမှု၊ ၂၀၁၈ ခုနှစ်မှစ၍ နွားမွေးမြူကာ နွားနို့နှင့်နွားနို့ကိုအခြေခံသည့် ထုတ်ကုန်များအား ဈေးကွက်သို့ဖြန့်ဖြူးပေးနိုင်ခဲ့မှု၊သဘာဝမြေဩဇာထုတ်လုပ်ရောင်းချနိုင်မှုနှင့်ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်မှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

နစက ဥက္ကဋ္ဌမှသိရှိလိုသည်များကိုမေးမြန်းကာ “ဝါဝါဝင်း”စိုက်ပျိုးမွေးမြူရေးကုမ္ပဏီအတွင်း ငါးမွေးမြူရေး၊နွားမွေးမြူရေးတို့ဆောင်ရွက်ထားရှိမှု၊နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု၊ငါးအခြေခံသည့် ထုတ်ကုန်များထုတ်လုပ်နေမှု၊အအေးခန်းစက်ရုံများမှ တန်ဖိုးမြင့်ငါးထုတ်ကုန်များထုတ်လုပ်နေမှု၊ရေညှိ၊ရေမှော်ပင်များမွေးမြူထားရှိမှုတို့ကိုကြည့်ရှုကာ ကံ့ကော်ပင်အား အမှတ်တရစိုက်ပျိုးပေးခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ Authentic Production Co.,Ltd သို့သွားရောက်ကြည့်ရှုရာ ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဦးအောင်မျိုးဟိန်း စက်ရုံမှ HDPE၊ DWC၊ PVC ပိုက်အမျိုးမျိုးကို ဆိုဒ်မျိုးစုံထုတ်လုပ်၍ ပြည်တွင်း၊ပြည်ပသို့ဖြန့်ဖြူးလျက်ရှိမှု၊ရေတိုင်ကီများ၊မိလ္လာကန်များ၊ Road Block များ၊ဟိုတယ်သုံးအညစ်အကြေးစစ်ထုတ်သည့် ပစ္စည်း၊ပိုက်ဆက်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိမှု၊ ကုမ္ပဏီမှ ထုတ်လုပ်သည့် ပိုက်လိုင်းများကို စီမံကိန်းများတွင်အသုံးပြုလျက်ရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။

နစက ဥက္ကဋ္ဌမှ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရေပိုက်အမျိုးမျိုးကို ထုတ်လုပ်နိုင်ရန်လိုကာ ရေပိုက်စနစ်ဖြင့်ဆောင်ရွက်ပါက နိုင်ငံအတွင်းရှိ အဖိုးတန်ရေသယံဇာတများကိုအကျိုးရှိစွာအသုံးပြုနိုင်မည်ဖြစ်ပြီး လေလွင့်ဆုံးရှုံးမှုများ နည်းပါးစေမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေအသုံးပြုမှုကို ပိုက်စနစ်၊ပန့်စနစ်များဖြင့် စနစ်တကျအသုံးပြုပါက ရေကိုထိထိရောက်ရောက်အသုံးချနိုင်မည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကုမ္ပဏီမှထုတ်လုပ်ထားသည့် ပစ္စည်းများခင်းကျင်းပြသထားမှု၊ Authentic Production Co.,Ltd အတွင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုကာ လိုအပ်သည်များကိုဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here