ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများက ရောမ၏ သမိုင်းဝင် ရေပန်းကြီး တရယ်ဗီ ကို မီးသွေးရည် လောင်းချ

0
162

ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ၇ ဦးသည် မေလ ၂၁ ရက် တနင်္ဂနွေနေ့တွင် ရောမမြို့ရှိ အထင်ကရ ရေပန်းကြီး တရယ်ဗီ ပေါ်သို့ တက်ရောက်ကာ မီးသွေးရည်များ လောင်းချခဲ့သဖြင့် ရေများ အမည်းရောင်သို့ ပြောင်းသွားခဲ့ကြောင်း သိရသည်။

“နောက်ဆုံးမျိုးဆက်” ဟုခေါ်သည့် အဖွဲ့မှ ဆန္ဒပြသူများသည် “လောင်စာဆီတွေကို ပိုက်ဆံပေးပြီး မဝယ်ဘူး။ ငါတို့တိုင်းပြည်ကြီး ပျက်စီးလာနေပြီ” ဟူ၍ ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

ထို့နောက် ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ တက်ကြွလှုပ်ရှားသူများကို ရေပန်းထဲမှ ဆွဲခေါ်သွားခဲ့သည်။ ထိုအဖြစ်အပျက်ကို ရိုက်ကူးနေသော ကမ္ဘာ့လှည်ခရီးသည်များနှင့် ဆန္ဒပြသူများကို အော်ဟစ်ခဲ့သူများကြောင့် ပွဲဆူသွားခဲ့သေးသည်။

နောက်ဆုံးမျိုးဆက် အဖွဲ့၏ ကြေညာချက်တစ်ခုတွင် အဆိုပါ ဆန္ဒပြမှုအား မကြာသေးမီရက်များအတွင်း အီတလီမြောက်ပိုင်းရှိ အီမီလီယား ယိုမားညား ဒေသတွင် ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုများနှင့် စပ်လျဉ်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားပြီး ပြည်သူလူထုအား လောင်စာဆီများ ဝယ်ယူသုံးစွဲနေခြင်းမှ ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

ရောမ၏ မြို့တော်ဝန် ရောဘတ်တို ဂေါက်တီရာရီကမူ ၎င်းတို့၏ အနုပညာအမွေအနှစ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအား ရပ်တန်းက ရပ်သင့်ပြီ ဟူ၍ တွစ်တာပေါ်၌ ရေးသားကာ ဆန္ဒပြခြင်းကို ရှုတ်ချခဲ့သည်။

မီးသွေးရည်များကြောင့် ရေပန်းအား ထိခိုက်ပျက်စီးမှုမျိုး မရှိခဲ့သော်လည်း ရေပန်းထဲရှိ ရေလီတာ ၃ သိန်း ကိုမူ သွန်ပစ်ရလိမ့်မည်ဟု မြို့တော်ဝန်က ဆိုသည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာအရ လောင်စာဆီများသည် ရာသီဥတု ဖောက်ပြန်ရခြင်း၏ အဓိကတရားခံဖြစ်ကြောင်း သိရသည်။

Source: သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here