ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့တွင် မဟာသမယအခါတော်နေ့ကျင်းပမည်

0
208

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဇွန် ၂ ရက်(နယုန် လပြည့်နေ့)တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပမည်ဖြစ်သည်။

နယုန်လပြည့်နေ့နံနက်အစောပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူပူ ဇော်သွားမည်ဖြစ်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များ တန်ဆောင်းတွင် မဟာသမယအခါတော်နေ့ဆိုင်ရာသိမှတ်ဖွယ်ရာတရားတော်များကို ဟောကြားသွားမည်ဖြစ်ကာ ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

မဟာသမယနေ့ဖြစ်ပေါ်လာပုံအား ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများမှ ကပ္ပိလဝတ်နှင့်ကောလိယအုပ်စု (၂)ခုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ကာ ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ်ရွတ်ဖတ်ပူဇော်သည့် အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကိုတစ်ပြိုင်တည်းတီးခတ်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here