မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အား အကူအညီများ ပေးပို့ရန် ဒေါ်လာ ၃၇၅ သန်း လိုအပ်နေဟု ကုလသမဂ္ဂ ပြော

0
184

ကုလသမဂ္ဂသည် မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိ လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို ပေးပို့ကူညီနိုင်ရန် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၇၅ သန်း လိုအပ်နေကြောင်း မေလ ၂၃ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ကုလ သည် မြန်မာနိုင်ငံရှိ မုန်တိုင်းတုန့်ပြန်ရေးဆီသို့ အပိုရန်ပုံငွေထဲမှ ဒေါ်လာ ၁၂၂ သန်းနှင့် ရှိပြီးသား ဘဏ္ဍာငွေ ဒေါ်လာ ၂၁၁ သန်း ပေးပို့သွားရန် အလှူရှင်များထံ တောင်းဆိုထားကြောင်း ပြောလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အတွက်မူ ဒေါ်လာ ၄၂ သန်း သီးခြား တောင်းဆိုထားကြောင်း သိရသည်။

“လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာဒေသအားလုံးက လူတွေကို လုံခြုံစိတ်ချရတဲ့ နေရာထိုင်ခင်းတွေ ပေးနိုင်ဖို့နဲ့ ရေကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမျိုးတွေ ပျံ့နှံလာတာကို ကာကွယ်ဖို့အတွက် အရေးတကြီး လုပ်ဆောင်ရမယ့် အခြေအနေထဲ ရောက်နေပါတယ်” ဟု မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး ရာမာနဒန် ဘာလာကရှစ်နန် က ပြောကြားခဲ့သည်။ အလှူရှင်များသည်လည်း ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ကူညီနိုင်ရန်အတွက် တတ်နိုင်သမျှ အားစိုက်ရန် လိုအပ်နေကြောင်း သူက ပြောခဲ့သည်။

အမည်မဖော်လိုသူ အကြီးတန်း ကူညီရေးလုပ်သားက ထောက်ပံရေးပစ္စည်းများသည် ရန်ကုန်မြို့ရှိ သိုလှောင်ရုံများတွင် ရောက်ရှိနေပြီဖြစ်ပြီး မုန်တိုင်းသင့် နေရာများသို့ ပေးပို့ရန်အတွက် နစက အစိုးရ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေကြောင်း ရိုက်တာသတင်းဌာနသို့ ပြောလာခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here