မင်းလှ၊ သံဖြူဇရပ်နှင့် ညောင်လေးပင်တို့တွင် လေပြင်းတိုက်ခတ်၍ နေအိမ်များ အပါအဝင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့

0
166

မေ (၂၃) ရက်နှင့် (၂၄) ရက်တို့က လေပြင်းတိုက်ခတ်ခဲ့၍ မင်းလှမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်တို့တွင် နေအိမ်များ အပါအဝင်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် မေ (၂၃) ရက် ည (၆) နာရီခွဲခန့်က လေပြင်းတိုက်ခတ်ခဲ့၍ မလွန်ကျေးရွာ၊ညောင်ပင်ကျင်းရွာ၊ ကဒကျေးရွာနှင့် ရေခါးကျေးရွာများရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးကာ သစ်ပင်များလဲကျခဲ့‌ကြောင်း သိရသည်။

ယင်းကဲ့သို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက်ကြောင့် မေ (၂၄) ရက် နံနက် (၇) နာရီခွဲခန့်မှ စတင်ကာ မင်းလှမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအား ရှင်းလင်းဖယ်ရှား၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အုပ်စု၊ ရသေ့တောင် ကျေးရွာတွင် ယနေ့မေ (၂၄) ရက်နံနက် (၅) နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ နေအိမ်များအမိုးလန်ပျက်စီးခဲ့သဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်ခဲ့ရကြောင်း သိရသည်။

ထို့အတူ ယနေ့နံနက် (၇) နာရီခွဲကျော်ခန့်တွင်လည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၌ လေပြင်းတိုက်ခတ်ခဲ့၍ မြို့မ (၁) ရပ်ကွက်၊ ကန်တော်ဦး (၆) လမ်းရှိ လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် ညောင်လေးပင်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here