ရုရှား-ယူကရိန်းစစ်ပွဲဆယ်စုနှစ်များစွာ ကြာနိုင်ဟုရုရှားသမ္မဟောင်း မက်ဗဲဒက်ဗ် ပြော

0
275

ပူတင်၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမစ်ထရီ မက်ဗဲဒက်ဗ် က ရုရှား-ယူကရိန်း အရေးအခင်းသည် ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးများ ရှိလာနိုင်သော်လည်း စစ်ပွဲမှာမူ ကာလကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာန RIA က မေလ ၂၅ ရက် ကြာသပတေးနေ့တွင် ဖော်ပြထားသည်။

ယခုလက်ရှိ ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဌ မက်ဗဲဒက်ဗ် သည် အဆိုပါ စကားကို ဗီယက်နမ်ခရီးစဉ်အတွင်း ပြောခဲ့ခြင်းဖြစ်သည်။

“ဒီအရေးအခင်းဟာ ဆယ်စုနှစ်ချီပြီး ကြာနိုင်တဲ့အထိ အချိန်အတော်ကြာမြင့်လာပါလိမ့်မယ်။ လက်ရှိ ကိယက်ဗ်အစိုးရတွေ အာဏာရနေသရွေ့ကတော့ သုံးနှစ်လောက် အပစ်အခတ် ရပ်စဲ၊ ၂ နှစ်လောက် အရေးအခင်းပြန်ဖြစ်၊ ပြီးရင် အဲဒီလိုမျိုးပဲ သံသရာတွေ လည်နေလိမ့်မယ်” ဟု မက်ဗဲဒက်ဗ် က ပြောလာခဲ့ကြောင်း RIA က ဖော်ပြထားသည်။

မက်ဗဲဒက်ဗ် သည် အလွန်ပြင်းထန်ပြီး ယတိပြတ် မှတ်ချက်များ ပေးတတ်သူအဖြစ် လူသိများသည်။ မက်ဗဲဒက်ဗ် သည် ၎င်း၏ ပြောဆိုချက်များအတွင်း ယူကရိန်းကို နာဇီနိုင်ငံတော်ဟု ခေါ်ဝေါ်သမုတ်ထားသည်။ ထို့ပြင် ဇန်နဝါရီလကလည်း ရုရှားသာ ယူကရိန်းကို ရှုံးနိမ့်ခဲ့ပါက နျူကလီးယားစစ်ပွဲသို့ ဦးတည်လာနိုင်သည်ဟု ပြောထားသူလည်းဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here