မြန်မာ – တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များမှ ကဏ္ဍ (၉) ခုအတွက် ကုန်သွယ်မှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုး

0
219

မြန်မာ – တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာ(နေပြည်တော်) – တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲတွင် ကဏ္ဍ (၉) ခုအတွက် ကုန်သွယ်မှုဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံမှ ကုမ္ပဏီ (၁၇) ခုသည် လယ်ယာထွက်ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အချိုရည်နှင့် အဖျော်ယမကာ၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်သုံး မော်တော်ယာဉ်များစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၉) ခုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ လင်ချန်းမြို့ စီးပွားရေးဌာန၊ ညွှန်ကြားရေးမှူး Mr.Zhou Yongzhi တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။

ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံမှ ကုမ္ပဏီများက နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်းလည်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်) – တရုတ် (လင်ချန်း) စီးပွားရေး ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါ ကုန်စည်ပြပွဲ ဒုတိယနေ့ အစီအစဉ် အနေဖြင့် မြန်မာ – တရုတ် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတို့ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)ရှိ Plenary Hall ၌ ကျင်းပပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here