ဘာစီလိုနာနှင့် ဂျူဗင်တပ်မှ လူငယ်အသင်းများပါ၀င်သည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲအား မြန်မာလူငယ်အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

0
244

ဥရောပနာမည်ကျော် အသင်းများဖြစ်သည့် ဘာစီလိုနာ၊ ဂျူဗင်တပ်တို့မှ လူငယ်အသင်းများပါ၀င်သည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲအား မြန်မာလူငယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်က မေလ (၃၀) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ Chiaba မြို့တွင် သြဂုတ် (၂၄) ရက်မှ (၂၈) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ အမျိုးသား ယူ – ၁၂ အသင်း ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

Junior Soccer World Challenge ပြိုင်ပွဲသည် ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပနေခြင်းဖြစ်ပြီး ဥရောပ အသင်းများဖြစ်သည့် နာမည်ကျော် ဘာစီလိုနာ၊ လီဗာပူး၊ အာဆင်နယ်၊ အက်စ်ပါးညို၊ ဂျပန်၊ တရုတ်၊ မက္ကဆီကို စသည်တို့မှ ယူ – ၁၂ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ထားကြသည်။

၂၀၁၃ မှ ၂၀၁၉ ခုနှစ် အထိ ဘာစီလိုနာ ယူ – ၁၂ အသင်းက ၅ ကြိမ် ဗိုလ်စွဲထားပြီး နိုင်ဂျီးရီးယား လူငယ်နှင့် အက်စ်ပါးညို လူငယ်တို့က တစ်ကြိမ်စီ ဗိုလ်စွဲထားကြောင်း သိရသည်။

ယခုနှစ် ပြိုင်ပွဲတွင် မြန်မာက ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံရခြင်းဖြစ်ပြီး စပိန်ကလပ် ဘာစီလိုနာ၊ အီတလီကလပ် ဂျူဗင်တပ်တို့မှ လူငယ်အသင်းများ၊ ဂျေလိဂ်လူငယ် အသင်းများနှင့် အတူ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရှိ ဘာစီလိုနာ အသင်းကြီးတွင် ပရော်ဖက်ရှင်နယ်အဖြစ် ကစားနေသော Eric García နှင့် Ansu Fati တို့ သည် ၂၀၁၃ Junior Soccer World Challenge ပြိုင်ပွဲတွင် ဘာကာ လူငယ်အသင်းမှပါဝင် ကစားခဲ့ဖူးသူများ ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ – ၁၂ အသင်းအား မြန်မာဘောလုံး အကယ်ဒမီများမှ ကစားသမားများနှင့် Scouting ပြုလုပ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများအား အခြေခံ၍ ရွေးချယ်ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င် စုစုပေါင်း (၃၂) သင်းယှဉ်ပြိုင်မည်ဖြစ်ပြီး (၄) သင်းပါ အုပ်စု (၈) ခုခွဲကာ ပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။

အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယရသော အသင်းများ (၁၆) သင်းအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ ပွဲစဉ်များ ကစားကြရမည်ဖြစ်သ ည်။

11th Junior Soccer World Challenge 2023 ပြိုင်ပွဲဝင်မည့် မြန်မာ အမျိုးသား ယူ – ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အတွက် ပံ့ပိုးကူညီမှုများကို Max Energy အနေဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here