EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမား ၁၃၁ ဦးယနေ့စေလွှတ်ခဲ့

0
224

တောင်ကိုရိးယား နိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာလုပ်သား (၁၃၁) ဦးကို ယနေ့တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြ န်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ကိုရီးယားသမ္မတ နိုင်ငံသို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၉)ဦး၊ စုစုပေါင်း (၁၃၁) ဦး ယနေ့တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာလုပ်သားများကို မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက သွားရောက်ကြိုဆိုကာ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယား နိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကာလအလွန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ယင်း နိုင်ငံအနေဖြင့်လည်း လုပ်သားလိုအပ်ချက်ကြောင့် မြန်မာလုပ်သားများကို တိုးမြှင့်ခေါ်ယူနေသည့်အပြင် လုပ်သားဟောင်းများကိုလည်း ဆက်လက်ခန့်ထားမှုများ ရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သားဦးရေ ၅၀၀၀၀ နီးပါးရောက်ရှိနေပြီး လစဉ်လုပ်သားဦးရေ ရာချီ ဆက်လက်ထွက်ခွာနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ဖော်ပြထားသည့် မှတ်တမ်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here