အပစ်ရပ် လက်မှတ်မထိုးရသေးသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် နစက၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရန်ရှိ

0
268

NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ (၃) ဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်အဖွဲ့တို့ လာမည့် ဇွန်လ (၁) ရက်တွင် တွေ့ဆုံသွားရန် ရှိနေကြောင်း သိရသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့ ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) အဖွဲ့တို့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့သည် ဇွန်လ (၁) ရက်တွင် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးသွားရန်နေခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ ကိုယ်စားလှယ်အနေဖြင့် ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင် လည်းတက်ရောက်မည် ဖြစ်ပြီး
ယခုတွေ့ဆုံမှုသည် တရုတ်၏ ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ် လာသည့် တွေ့ဆုံမှုလည်းဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်မည့်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်)ကို ပြောသည်။

” ကျွန်တော်တို့ဆီက ကိုယ်စားလှယ်အဖွဲ့တွေတော့ တွေ့ဆုံကြမယ့်နေရာကို ရောက်နေကြတာဟုတ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က တရုတ်ကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ ညီနောင်မဟာမိတ်အဖွဲ့တွေ တွေ့ဆုံမှုကနေ ဖြစ်ပေါ် လာတဲ့ အရွေ့တစ်ခုပေါ့။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ပြောလို့မရပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ညီနောင်မဟာမိတ် အဖွဲ့ (၃) ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့များ မိုင်းလားမြို့သို့ ရောက်ရှိနေပြီ လာမည့် ဇွန်လ (၁) ရက်တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – Mongla News


LEAVE A REPLY

Please enter your comment!
Please enter your name here