ဇွန်လအတွင်း လေဖိအားနည်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ် တစ်ကြိမ်ဖြစ်မည်ဟု မိုး/ဇလ ထုတ်ပြန်

0
194

လာမည့် ဇွန်လအတွင်း လေဖိအားနည်း (၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ် တစ်ကြိမ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

အနောက်တောင်မုတ်သုံလေသည် ဇွန်လ (၇) ရက်မှ (၁၀) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်မည်ဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်း ရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ကာ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းမှုအခြေအနေဖြင့် နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၂) ရက်မှ (၂၈)ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းနှင့် ကယားတို့တွင် (၁၅) ရက်မှ (၂၁) ရက်ခန့်နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် (၈) ရက်မှ (၁၄) ရက်ခန့် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ မဝါ”(Mawar)သည် မြောက်ဘက်သို့အနည်းငယ် ရွေ့လျားခဲ့ပြီး၊ မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားမည်ဟု မိုး/ဇလ မှခန့်မှန်းထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here