ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ရုရှား နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအကြား နားလည်မှု စာချွန်လွှာရေးထိုးမည်

0
215

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့ကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု – ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool အား မေ (၃၀) ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ကျင်းပမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည်ဖြစ်ကာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံအလိုက် ပြဋ္ဌာန်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေများသည် တူညီမှုမရှိဘဲ မိမိနိုင်ငံ၊ မိမိအခြေအနေနှင့် ကိုက်ညီစေရန်ရေးဆွဲ ဆောင်ရွက်ရကာ မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲများကျင်းပရာတွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင် ပြည်သူများက ယုံကြည်လက်ခံသည့် တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်အောင်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများသည် ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးကဏ္ဍများတွင် တာဝန်ယူရမည့်သူများဖြစ်၍ ဒီမိုကရေစီသက်တမ်းနုနယ်သည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးပါတီကောင်းများ၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး UEC အနေဖြင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်း၍ ရွေးကောက်ပွဲဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool မှလည်း ဒူးမားလွှတ်တော် ဖွဲ့စည်းထားရှိမှုနှင့်လုပ်ငန်းဆောင်ရွက်နေမှု၊ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုလေးစားပြီး အမြဲထောက်ခံအား ပေးလျက်ရှိသည်ဟု ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here