၂၀၂၃ ခုနှစ် (၅) လတာအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၇၀၀) ကျော်ရှိ

0
293

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ မေ (၂၀) ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၇၁၇) ဦးရှိပြီး သေဆုံးသူ (၇) ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားချက်အရ သိရသည်။

မေလ (၂၉) ရက်တွင် ကျင်းပပြုလုပ်သည့် “ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိင်းအစည်းအဝေး” တွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် (၅) လတာကာ အတွင်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁,၇၁၇) ဦးနှင့် သေဆုံးသူ (၇)ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောဂါဖြစ်ပွားမှုများနေသည့်အတွက် ကာကွယ်နှိမ်နင်းရေးများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာသက်ခိုင်ဝင်းက ဆိုသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ထိရောက်သော ကာကွယ်ဆေးများ မရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ် ပိုးသတ်ဆေးများ မရှိသေးသည့် အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်းလည်း ဝန်ကြီးက မှာကြားခဲ့သည်။

သွေးလွန်တုပ်ကွေး ရောဂါသည် မူကြိုအရွယ် ကလေးများနှင့် မူလတန်းကျောင်းသူ/ ကျောင်းသားများဖြစ်သည့် အသက် (၅) နှစ်မှ (၉) နှစ် အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ “ခြင်ကျား ပိုးလောက်လမ်းကင်းစင် ကျောင်းများ” ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရရန်လိုအပ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် (၂၀၂၀) ခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ (၁၅,၁၃၁) ဦး၊ သေဆုံးသူ (၆၈) ဦး၊ (၂၀၂၁) ခုနှစ်တွင် ဖြစ်ပွားသူ (၅, ၄၄၆) ဦး၊သေဆုံးသူ (၃၆) ဦးနှင့် (၂၀၂၂) ခုနှစ်တွင် ဖြစ် ပွားသူ (၂၄,၉၇၁) ဦး ၊ သေဆုံးသူ (၉၇) ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် (၀ ဒဿမ ၄) ရာခိုင်နှုန်း ခန့်ရှိ၍ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် နှိင်းယှဉ်ပါက မြင့်မားမှုမရှိကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here