လူဦးရေပေါင်း ၂၃၀,၀၀၀ ကျော်ထံသို့ အရေးပေါ် စားနပ်ရိက္ခာအ‌ထောက်အပံ့များထောက်ပံ့ပြီးဟု WFP ထုတ်ပြန်

0
134

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ဆိုင်ကလုန်းမုန်တိုင်းမိုခါဒဏ် ခံစားခဲ့ရသည့် လူဦးရေပေါင်း ၂၃၀,၀၀၀ ကျော်ထံသို့ WFP မှပေးအပ်သည့် အရေးပေါ် စားနပ်ရိက္ခာအ‌ထောက်အပံ့များရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး WFP ဝန်ထမ်းများသည် လက်လှမ်းမီသမျှ မုန်တိုင်းဒဏ်ခံရသူအားလုံးဆီ အသက်ကယ်စားနပ်ရိက္ခာများ အမြန်ဆုံး ပေးအပ်နိုင်ရန်အတွက် နေ့မအား ညမနား လုပ်ဆောင်လျက်ရှိ‌သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

WFP ၏ စားနပ်ရိက္ခာအထောက်အပံ့များကိုရခိုင်ပြည်နယ်အလယ်ပိုင်းဖြစ်သည့် ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး နှင့် ရသေ့တောင်မြို့နယ်၊ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်သည့် ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များမှ မုန်တိုင်းသင့်ပြည်သူများအတွက် ဝေငှဖြန့်ဖြူးနေပြီဖြစ်ပြီး ထပ်မံတိုးချဲ့၍ အထောက်အပံ့များပေးအပ်သွားနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

WFP သည် နိုင်ငံတစ်ဝန်းတွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများရှိ လူဦးရေ ၈၀၀,၀၀၀ ထံ ကနဦးအနေဖြင့် သုံးလစာ အရေးပေါ် စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့များကို ပေးအပ်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here