(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ငွေကျပ်စုစုပေါင်း ၃၃၃၃ သန်းနှင့်အမေရိကန်ဒေါ်လာ ၇ သောင်းချီးမြှင့်

0
191

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား နိုင်ငံတော်အနေဖြင့် ငွေကျပ်စုစုပေါင်း ၃၃၃၃ သန်းနှင့်အမေရိကန်ဒေါ်လာ ၇ သောင်းဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုသို့ ဂုဏ်ပြုချီးမြှင့်ပေးအပ်ပွဲအား ဇွန် ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစကားပြောကြားပြီးနောက် ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီယှဉ်ပြိုင်နိုင်မည့် အားကစားနည်းအရေအတွက်နှင့်အားကစားသမားအရေအတွက်ကိုပါ တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးနှင့်ပိုမိုအောင်မြင်မှုရရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌက တာဝန်ရှိသူများအားမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ဗိုဗီနမ်အားကစားနည်း၊ ဗိုဗီနမ်(ခွန်ဘိုကာတာ)အားကစားနည်း၊ဗိုဗီနမ်(အားနစ်)အားကစားနည်း၊ခြင်းလုံးအားကစားနည်းမှ Same Stroke Event-2 အမျိုးသမီးအသင်း၊ Linking (Preliminary) Event-3 အမျိုးသား၊အမျိုးသမီးအသင်း၊ Non Repetition. Secondary Event-4. အမျိုးသားအသင်း၊Non Repetition Secondary Event-4 အမျိုးသမီးအသင်း၊ပိုက်ကျော်ခြင်းအားကစားနည်း၊ကွင်းသွင်းကစားနည်းမှ အမျိုးသားအသင်း၊ကွင်းသွင်းခြင်းကစားနည်းမှ အမျိုးသမီးအသင်း၊ဘိလိယက်/စနူကာအား ကစားနည်း၊ဝူရှူးအားကစားနည်း၊ရိုးရာလှေအသက်(၂၄)နှစ်အောက် အမျိုးသား ၅ ယောက်လှော် မီတာ ၂၅၀ အားကစားအသင်း၊တိုက်ကွမ်ဒိုအားကစားနည်း၊အလေးမအားကစားနည်း၊ပီတန်းအားကစားနည်းတို့မှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌမှ အထူးဆုအဖြစ် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၅၀၀၀၀ နှင့်အကြိုဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၂၀၀၀၀ တို့အားပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ နစက ဒု-ဥက္ကဋ္ဌနှင့် နစက အဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများ၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများက အားကစားသမားများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအားကစားသမားများသည် အားကစားနည်း ၁၉ နည်းအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဗိုဗီနမ်၊ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ဗိုဗီနမ်(အားနစ်)၊ပိုက်ကျော်ခြင်း၊ဘိလိယက်နှင့်စနူကာ၊ပီတန်း၊ဝူရှူး၊တိုက်ကွမ်ဒို၊ရိုးရာလှေ၊အလေးမအားကစားနည်းတို့မှ ရွှေတံဆိပ် ၂၁ ခုရရှိခဲ့ကာ ကျန်အားကစား ၁၁ နည်းအနက် ဘော်လီဘောနှင့်တင်းနစ်အားကစားနည်းများမှလွဲ၍ ကျန်အားကစားနည်း ၉ နည်းမှာ ငွေတံဆိပ် ၂၅ ခုနှင့်ကြေးတံဆိပ် ၆၈ ခုရရှိခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူ များကို ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူ များကိုကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင်ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ် ၃၅ သိန်းနှင့်အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့်အုပ် ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင်ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါကကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေ ငွေကျပ်စုစုပေါင်း ၃၃၃၃ သန်းနှင့်အမေရိကန်ဒေါ်လာ ၇ သောင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here