မင်းလှမြို့နယ် ရန်ကုန်-ပြည်ကားလမ်းတွင် ၁၂ ဘီးကားမှ ၂၂ ဘီးကားအားဝင်တိုက်၊ ၁၂ ဘီးကားမောင်းသူ ခေါင်းခန်းအတွင်းညပ်နေ၍ကယ်ထုတ်ခဲ့ရ

0
348

ပဲခူးတိုင်း၊မင်းလှမြို့နယ်၊သပြေစမ်းကျေးရွာအနီးရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ဇွန် ၄ ရက်(ယ နေ့)နံနက်ပိုင်းက ၁၂ ဘီးကားမှ ၂၂ ဘီးကားအားဝင်တိုက်မိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)တို့မှ သိရသည်။

ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က မင်းလှမြို့နယ်၊သပြေစမ်းကျေးရွာအနီးရှိ ရန်ကုန်-ပြည်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၀/၁ အနီးတွင် ၁၂ ဘီးကားမှ ၂၂ ဘီးကားအား ဝင်တိုက်မိခဲ့သဖြင့် ၁၂ ဘီးကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ညပ်နေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မင်းလှမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအ သင်း(အုတ်ဖိုမြို့)တို့မှ ကူညီကယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

“ညပ်နေတဲ့ကားသမားကို နာရီဝက်လောက်ကြာအောင်ကယ်ထုတ်ပေးခဲ့ရတယ် ထိခိုက်ဒဏ်ရာရထားပေမယ့် မစိုးရိမ်ရပါဘူး ၁၂ ဘီးကားပေါ်မှာပါလာတဲ့ နောက်ထပ်တစ်ယောက်လည်း ဒဏ်ရာရသွားတယ် ကားခေါင်းခန်းကအတော်ပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ၁၂ ဘီးကားပေါ်မှ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သူ ၂ ဦးအား လူမှုကူညီရေးအသင်းကားဖြင့် သာယာဝတီမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here